သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

မင်းပြားမြို့နယ်စပါးထားကျေးရွာတွင် စစ်ကျန် ဗုံးသီးပေါက်ကွဲ၍ ၃ ဦးဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ မေ ၂၀၂၁
  • | ကြည့်ရှုသူ: 8.7k

ဆောင်းဇာခြည်

နိရဉ္စရာ၊ မေလ ၈/ ၂၀၂၁

 

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ စပါးထားကျေးရွာတွင် ယမန်နေ့က စစ်ကျန် ဗုံးသီးပေါက်ကွဲမှု ဖြစ်ပွား၍ ရွာသား သုံးဦးဒဏ်ရရှိသွားကြောင်း ကျေးရွာဥက္ကဋ္ဌ ဦးမျိုးဇော်အောင်က ပြောသည်။

 

ဒဏ်ရာရရှိသွားသူများမှာ ဦးစိန်လှိုင် (၄၂) နှစ်နှင့်အတူ သူ့၏ မိခင် ဒေါ်လှစိန်နု (၇၅) နှစ်နှင့် ဦးအောင်ကျော်ညွှန့် (၄၂) နှစ်တို့ ဖြစ်ကြသည်။

 

မေလ ၇ ရက်နေ့ နံနက်ပိုင်းက စပါးထားကျေးရွာ၏ တောင်ဘက် ၁ ဖာလုံခန့်အကွာရှိ လယ်ကွင်းမှ ဦးစိန်လှိုင်သည် ဗုံးသီးတစ်လုံးကောက်ယူခဲ့ပြီး ယင်းနေ့ ညနေပိုင်းတွင် သူ့၏နေအိမ်၌ ဗုံးသီးအား ခေါက်ကြည့်ရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

 

ဦးစိန်လှိုင်ဆိုတဲ့လူက လယ်ကိုသွားရင်း ဗုံးသီးကောက်ရခဲ့တာ။ အဲဒါကို သူ့လွယ်အိတ်ထဲ ထည့်ယူခဲ့တာ အိမ်ရောက်လို့ ခေါက်ကြည့်တာနေမှာပေါ့။ အဲဒီမှာ ပေါက်ကွဲတာပါ ဟု ပြောသည်။

 

အဆိုပါ သုံးဦးမှာ ခြေ၊ လက်၊ ပေါင်နှင့် ဗိုက်တို့တွင် ဒဏ်ရာပြင်းထန်စွာရရှိသွားသည့်အတွက် ယနေ့ နံနက်ပိုင်းက မင်းပြားဆေးရုံမှတဆင့် စစ်တွေဆေးရုံသို့ လူနာတင်ကားဖြင့် တင်ဆောင် သွားပြီဖြစ်ကြောင်း စပါးထားကျေးရွာမှ ရွာသားတစ်ဦးက ပြောသည်။

 

၂၀၂၁ ဇန်နဝါရီလ ၁၀ ရက်နေ့ နေ့လယ်ပိုင်းတွင် စပါးထားကျေးရွာမှ အသက် ၁၆ နှစ်အရွယ် မောင်တောင်ကျော်သည် လယ်ကွင်းသို့ နွားကျောင်းရန်သွားရာမှ ကောက်ယူခဲ့သော ဗုံးသီးအား အိမ်ရောက်၍ ခေါက်ကြည့်ရာမှ ပေါက်ကွဲမှုဖြစ်ပွားကာ ၄င်းမောင်တောင်ကျော်အပါအဝင် စုစုပေါင်း ၉ ဦးဒဏ်ရာရရှိပြီး တစ်ဦး သေဆုံးသွားခဲ့သည်။

 

သေဆုံးသူမှာ ဒေါ်လှသန်းဝေ (၄၅) နှစ်ဖြစ်ပြီး ဒဏ်ရာရရှိသွားသူ ၉ ဦးမှာ မောင်တောင်ကျော် (၁၆) နှစ်၊ ဒေါ်နုနုသန်း (၄၂) နှစ်၊ ကိုသန်းရွှေမောင် (၂၅) နှစ်၊ ကိုကျော်ကျော် (၂၂) နှစ်၊ မစိုးဆန်းနု (၁၆) နှစ်၊ မမသန်းဌေး (၂၀) နှစ်၊ မဆန်းဆန်းမိုး (၃) နှစ်၊ မောင်မြင့်စိုး (၁၂) နှစ်နှင့် မစိုးရွှေနု (၆) နှစ်တို့ဖြစ်ကြောင်း သိရသည်။

 

၂၀၁၉ ဇွန် ၃ ရက်နေ့ကလည်း မင်းပြားမြို့နယ် စပါးထားကျေးရွာတွင် စစ်ဘေးရှောင်ရွာသားများ ခိုလှုံရာ ဘုန်းကြီးကျောင်းအတွင်းသို့ မြောက်ဦးမြို့ဘက်က ပစ်ခတ်သည့် လက်နက်ကြီး ကျည်ကျရောက် ပေါက်ကွဲခဲ့၍ ရွာသား ခြောက်ဦး သေဆုံးပြီး ကိုး ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဆက်စပ် သတင်းများ