သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

အမ်းတပ်နယ်တွင် သက်တမ်းကုန် လက်နက်ခဲယမ်းများ ဖောက်ခွဲဖျက်ဆီးမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဇွန် ၂၀၂၁
  • | ကြည့်ရှုသူ: 2k

ထက်အောင်
နိရဥ္စရာ၊ ဇွန် ၁၇/ ၂၀၂၁
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်း သက်တမ်းကုန်ဆုံးသွားသည့် လက်နက်ခဲယမ်းများကို ဖောက်ခွဲဖျက်ဆီးသွားမည်ဖြစ်ကြောင်း ဒေသအုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများထံမှ သိရသည်။
ယင်း သက်တမ်းကုန်ဆုံးသွားသည့် လက်နက်ခဲယမ်းမီးကျောက်များကို ဇွန်လ ၁၈ ရက်နေ့မှ စပြီး ဇွန် ၁၉ ရက်နေ့တို့တွင် နံနက် ၇ နာရီ မိနစ် ၃၀ မှ ညနေ ၄ နာရီ ၃၀ မိနစ်ထိ ယင်းမြို့နယ်ရှိ ရွာသာယာကျေးရွာအနီး အမှတ် (၃၇၃) ခြေလျင်တပ်ရင်းမှ မြောက်ဘက် (၁) မိုင်ခန့် အကွာအဝေးရှိသည့်နေရာတွင် ကျင်းနှစ်ကျင်းတူးကာ ဖောက်ခွဲမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်နက်ခဲယမ်းများ မီးရှို့ဖောက်ခွဲဖျက်ဆီးမည့် စံသတ်မှတ်ချက်အား မြေကျင်း (၂) ခုရှိရာ တစ်ရက်လျှင် ကျင်းတစ်ကျင်းစီ၌ (၅) ကြိမ်စီ ဖောက်ခွဲသွားဖို့ရှိသည်ဟု ဌာနဆိုင်ရာအဆင့်ဆင့်မှ စာရောက်လာကြောင်း အမ်းမြို့နယ်၊ အမှတ် (၃) ဈေးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းချိုက ပြောပြသည်။
ဦးဝင်းချိုက “ သက်တမ်းကုန်ဆုံးသွားတဲ့ လက်နက်ခဲယမ်း မီးကျောက်တွေကို ဖောက်ခွဲဖျက်ဆီးဖို့ရှိတယ်ဆိုပြီး ကြေညာထားတာပါ။ စာထုတ်တယ်ဆိုတာကလည်း ပြည်သူတွေ အဲဒီဖောက်ခွဲမဲ့ အနီးအနားကို မသွားရအောင်၊ အထိတ်တလန့်မဖြစ်စေရေးအတွက် ကြေညာတာပါ။ ကျနော်တို့ဆီကိုလည်း အဆင့်ဆင့်က စာထုတ်ထားလို့ပါ။ ဒေသခံတွေကိုလည်း မစိုးရိမ်ကြဖို့ ကြေညာထားပါတယ်။ ကျနော်တို့မှာတော့ တာဝန်အရ ပြည်သူတွေကို အသိပေးနှိုးဆော်ရပါတယ်။ မတော်တဆ ခရီးလွန်ပြီး မျှစ်ချိုးတာ၊ ဝါးခုတ်ဖို့သွားလို့ရှိရင် ထိခိုက်နစ်နာမှုတွေ ဖြစ်မှာစိုးလို့ ကြိုတင်ပြီး ကြေညာထားတာပါ။” ဟု ပြောသည်။
လာမည့် (၂) ရက်အတွင်း ဖောက်ခွဲဖျက်ဆီးမည့်လက်နက်ခဲယမ်းမီးကျောက်များသည် အမ်းမြို့နယ်၊ အမှတ် (၃၄၅) လက်နက်ခဲယမ်းစုဆောင်းရေးတပ်မှ ခဲယမ်းများဖြစ်သည်ဟုလည်း သိရသည်။
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်းမှ ဒေသခံပြည်သူလူထုအများစုမှာ တောင်ယာလုပ်ငန်းကို လုပ်ကိုင်ကြပြီး တောတောင်များကို အမှီပြုပြီး ရှင်သန်ကြသူများဖြစ်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ