တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

အမ်းမြို့ ကဇူကိုင်းတောင်တွင်တပ်စွဲထားသည့် စစ်တပ်က လူနေကျေးရွာထဲ လက်နက်ကြီးပစ်ခတ်၍ ဒေသခံတစ်ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာအပြင်းထန်ရရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.9k

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ကဇူကိုင်းတောင်ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က သဲကမ်းထောင်း ကျေးရွာထဲသို့ နိုဝင်ဘာ ၁၄ ရက် ညဉ့်အချိန်က လက်နက်ကြီးပစ်ခတ်လိုက်၍ ကျည်စထိမှန်ပြီး အမျိုးသားတစ်ဦး သေဆုံးသွားပြီး ၇ ဦး ဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း သိရသည်။

သေဆုံးသွားသူများမှာ အမ်းမြို့နယ်၊ သဲကမ်းထောင်းကျေးရွာတွင် လာရောက် လယ်လုပ်ကိုင်နေသူ ဦးဦးစောရွှေ (၇၅)နှစ် ဖြစ်ကြောင်း သိရသည်။

၎င်း ဦးဦးစောရွှေသည် ကမ်းထောင်းကြီးအလယ်ပိုင်းရပ်ကွက်မှ နေပြီး သဲကမ်းထောင်း ရွာတွင် လာရောက် အလုပ် လုပ်ကိုင်နေသူ ဖြစ်ကြောင်းသိရသည်။

၄င်းသည်  ယမန်နေ့ နိုဝင်ဘာလ ၁၄ ရက်၊ ညဥ့် ၁၁ နာရီအချိန် လက်နက်ကြီး ကျည်စသည် လည်ပင်း၊ ရင်ဘတ်နှင့် ယာဘက်ပုခုံးတို့တွင် ထိမှန်ပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်ဒေသခံတစ်ဦးက နိရဥ္စရာသို့ပြောသည်။

"ကဇူကိုင်းတောင်ပေါ်က မြန်မာစစ်တပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကျည်ပါ။ တိုက်ပွဲ ဖြစ်တာလည်း မရှိဘဲနဲ့ ပစ်တာမှာ  ရွာထဲ သုံးလုံးကျခဲ့တာမှာ နောက်ဆုံးကျတဲ့အလုံးမှာ လူတွေထိသွားတာ" ဟု ပြောသည်။

၎င်းပြင် ဒဏ်ရာရသူများ အထဲက မခင်ဆန်းရွှေ (၃၅) မှာလည်း  လက်နက်ကြီးကျည်စ ကျောကုန်းကိုထိမှန်ပြီး ဝမ်းဗိုက်ပွင့်ထွက်ကာ ဒဏ်ရာပြင်းထန်ကြောင်း  သိရသည်။

ဒဏ်ရာရသူများအား ယနေ့ နိုဝင်ဘာ ၁၅ ရက်၊ မနက်ပိုင်းတွင် ကမ်းထောင်းကြီး ဆေးရုံသို့ပို့ဆောင်ထားသည်ဟု သိရသည်။

တစ်ခြား ဒဏ်ရာရရှိခဲ့သူ ၆ ဦးမှာ ဒါးလက်ကျေးရွာအုပ်စု၊ အလယ်ကျွန်းကျေးရွာမှ ၁ နှစ်အရွယ်ကလေးငယ် တစ်ဦးအပါအဝင် ရွာသား ၆ ဦးတို့ဖြစ်ကြောင်း သိရသည်။

အဆိုပါဒဏ်ရာရရှိသည့် ကျေးရွာသား ၆ ဦးကိုလည်း အနောက်ရွာရှိ ဆေးခန်းသို့ အရေးပေါ်ပို့ဆောင်ထားရပြီး ၁ နှစ်အရွယ်ကလေးငယ်နှင့် မိဘနှစ်ဦးမှာ စိုးရိမ်အခြေအနေဖြစ်ကြောင်း အလယ်ကျွန်းကျေးရွာမှ အမျိုးသမီးတစ်ဦးက နိရဥ္စရာသို့ပြောသည်။

ကဇူကိုင်းတောင်ပေါ်မှ စစ်ကောင်စီတပ်သည်ယမန်နေ့ ည ၉ နာရီခွဲအချိန်ကပင် ယနေ့ မနက်မိုးလင်းချိန်ထိ ကျေးရွာများဘက်သို့ဦးတည်ကာ လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်ခဲ့ကြောင်း အမ်းမြို့ဒေသခံတစ်ဦးက နိရဥ္စရာသို့ပြောသည်။ (NN-23)

ဆက်စပ် သတင်းများ