တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

စစ်တွေမြို့တွင် ကုန်စျေးနှုန်း အနည်းငယ်ကျဆင်းလာသော်လည်း မြို့နေလူများ အလုပ်အကိုင် ကင်းမဲ့ကာ အငတ်ဘေးနှင့် ရင်ဆိုင်ကြုံတွေ့နေရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 936

နှင်းနွယ်နီ

နိရဥ္စရာ၊ မေ ၃၀/၂၀၂၄

ရခိုင်ပြည်မြို့တော် စစ်တွေမြို့တွင် ရန်ကုန်မှ ကုန်သင်္ဘောတချို့ ဝင်ရောက်မှုကြောင့် ကုန်စျေးနှုန်းအနည်းငယ် ကျဆင်းလာသော်လည်း ပြည်သူများ အလုပ်အကိုင်မဲ့နေ၍ အငတ်ဘေးဆိုက်နေကြ ကြောင်းသိရသည်။

စစ်တွေမြို့ခံတစ်ဦးက “ရန်ကုန်ကနေ ကုန်သင်္ဘောကြီးတွေ ဝင်တယ်။ ဒါ့ကြောင့် ပစ္စည်းတွေပုံလာပြီး စျေးကျသွားတယ်ပေါ့။ ဒါပေမဲ့လည်း အလုပ်က မရှိတော့ သူသူငါငါ ဝယ်မစားနိုင်ကြဘူး။ ကြက်ဥတောင် ၅၀၀ထိ စျေးကျခဲ့သေးတယ်” ဟုပြောသည်။

စစ်တွေတွင် ကြက်ဥတစ်လုံးလျှင် ၁၂၀၀ ကျပ်ရှိခဲ့ရာမှ ယခု ၇၀၀ ကျပ်၊ ဆီသန့် တစ်လုံးလျှင် ယခင် ၁သောင်းကျော်မှ ယခု ၇၀၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာလျှင် ယခင် ၁ သောင်းကျော်မှ ယခု ၅၀၀၀ကျပ်၊ဝက်သား တစ်ပိဿာလျှင် ယခင် ၈၀၀၀၀ ကျပ် မှ ယခု ၄၅၀၀၀ ကျပ်သို့ အသီးသီးစျေးကျဆင်းသွားကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ထိုသို့ ကုန်စျေးနှုန်းများ ကျဆင်းနေသော်လည်း အလုပ်အကိုင်မရှိသောကြောင့် ဆီ၊ ဆားများကို မပါရုံတမယ်ထည့်၍ ချက်ပြုတ်စားသောက်နေရသည်ဟု ပန်းရန် လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

“စျေးကျလည်း မဝယ်စားနိုင်ဘူး။ အခုအလုပ် မရှိဘူး။ ဆွေမျိုးတွေနဲ့ စုပြီး သူ့မှာရှိကိုယ်စား၊ ကိုယ့်မှာရှိသူစား မျှစားနေကြရတယ်။ ငတ်တဲ့နေ့တွေလည်း ငတ်‌ပေ့ါ။ တစ်ခါတလေ ထင်းစည်းလေးတွေ စည်းရောင်းတယ်။ ဒီလို တောင့်ခံနေရတာပါပဲ” ဟုပြောသည်။

မြို့နေလူထုများမှာ အလုပ်အကိုင်မဲ့လာ၍ စားဝတ်နေရေးကျပ်တည်းကာ မြို့ပတ်အလှူခံသူများလည်းများပြားလာကြောင်း ဆင်ကူးလမ်းရပ်ကွက်မှ အမျိုးသမီးတစ်ဦးက ဆိုသည်။

“ဘယ်လိုအဆင်ပြေမလဲ။ တိုင်းပြည်ပျက်နေတော့ ငတ်နေသူတွေက များနေပြီ။ အလုပ်မရှိရင် ရတာ ရှာကြံပြီးလုပ်စားကြတယ်။ ချောင်းနားသွားပြီး မရွတ်(ရခိုင်အခေါ်)သွားကောက်ကြတယ်။ ခက်ခဲလာကြတော့အလှူခံစားသူတွေလည်း များလာတယ်။ ကလေးတွေနဲ့ အလှူခံနေကြသူတွေ တွေ့ရတယ်” ဟုဆိုသည်။

ထို့အပြင် စစ်ကောင်စီက စစ်တွေမြို့ပတ်ပတ်လည်တွင် မိုင်းထောင်ထားသော်လည်း ငတ်ပြတ်မှုဒဏ်ကို မခံစားနိုင်၍ ချောင်းနား၊ မြစ်နားသို့ သွားကာ ငါးရှာ၊ ထင်းခုတ်သူများလည်းရှိနေပြီး မိုင်းနင်းမိသူများလည်း ရှိကြောင်း သူမက ဆက်ပြောသည်။

စစ်တွေမြို့နေ ပြည်သူ ၈၀ ရာခိုင်နှုန်းခန့်မှာ တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်၍ ရန်ကုန်နှင့် အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားရာ နယ်မြေများသို့ ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်ကာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။

ထို့ကြောင့် စစ်တွေမြို့တွင် စီးပွားရေးယန္တရားကြီးတစ်ခုလုံး ရပ်တန့် ပျက်စီးသွားပြီး ပုဂ္ဂလိက ကုမ္ပဏီဝန်ထမ်းများ၊ စျေးသည်၊ ပန်းရန်လုပ်ကိုင်သူများနှင့် ကူလီထမ်းသူများမှာ အလုပ်အကိုင်မဲ့သွားသည့်အတွက် စားဝတ်နေရေး ကျပ်တည်းနေကြခြင်းဖြစ်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ