တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းခဲ့သည့် စစ်တွေမြို့၊ဗျိုင်းဖြူရွာ(ဆတ်ရိုးကျရပ်ကွက်)တွင် သေဆုံးသူ(၁၀)ဦးအထိ ရှိပြီး အမျိုးသားများကို စစ်တပ်သို့ ခေါ်ဆောင်သွားကာ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများကို မြို့လယ်ခေါင် ဝင်္ကဘာကွင်းသို့ ပို့ဆောင်ထား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 1.1k

အိမ်စိုးဖြူ

နိရဉ္စရာ၊ မေ ၃၁/ ၂ဝ၂၄

စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းခဲ့သည့် စစ်တွေမြို့ ဗျိုင်းဖြူရွာ (ဆတ်ရိုးကျရပ်ကွက်)တွင် သေဆုံးသူ (၁၀) ဦးအထိ ရှိပြီး အမျိုးသားများကို ယနေ့ မေလ ၃၁ ရက်နေ့ နံနက်ပိုင်းမှစ၍ စစ်တွေမြို့ရှိ ဒကစ သို့ ခေါ်ဆောင်သွားကာ အမျိုသမီးများနှင့် သက်ကြီးရွယ်အိုများအား မြို့လယ်ခေါင်ဝင်္ကဘာကွင်းသို့ ပို့ဆောင်ထားကြောင်း သိရသည်။

အဆိုပါ ဆတ်ရိုးကျရပ်ကွက်တွင် မင်းဒရားချိတ်၊အောင်ချမ်းသာ၊ ဆတ်ရိုးကျအရှေ့၊ ဆတ်ရိုးကျအနောက်အုပ်စုတို့ ပါဝင်ပြီး ဗျိုင်းဖြူရွာဟုလည်း ခေါ်ကြသည်။

အဆိုပါဆတ်ရိုးကျရပ်ကွက်မှ ဦးဇင်းတစ်ပါးက “ အမျိုးသားတွေကို အင်္ကျီချွတ်ခိုင်းပြီး နေပူလှန်းတယ်။  ယောက်င်္ကျားတစ်စု၊ မိန်းမတစ်စု စုထားတယ်။ မနေ့က လေးဦးသေတယ်။ ဒီနေ့လည်းသေတယ်။ မနေ့က သေတဲ့လူတွေကိုတော့ သင်္ချိုင်းမှာ မြှုပ်တယ်။ ဒီနေ့သေတဲ့လူတွေကို ရွာဈေးကွင်းထဲမှာ မြှုပ်ဖို့ ဘတ်ဟိုးတွေ သွင်းသွားတယ်လို့ ထွက်ပြေးလို့ လွတ်လာတဲ့ဒကာတစ်ယောက်က ပြောတယ်။ မိန်းမနဲ့ အသက်ကြီးပိုင်းတွေကို ဝင်္ကဘာကွင်းကို စစ်တပ်က ကားတွေနဲ့ ပို့တယ်။ အခု အဲဒီမှာစုထားတယ်” ဟုမိန့်သည်။

ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသူ အရေအတွက်ကို အတိအကျ မသိရသော်လည်း ရာနှင့်ချီရှိကြောင်း ဦးဇင်းက ထပ်မိန့်သည်။

“အင်္ကျီတွေကို ချွတ်ခိုင်းတော့ မှင်ထိုးထားတဲ့လူတွေကို ပစ်သတ်တယ်ပြောတယ်။ လူတွေမှာက ကိုယ်သဘောကျတဲ့ပုံတွေ၊ ရခိုင်အလံပုံတွေ၊ AA စသဖြင့် ထိုးကြတာကို။ အဲဒါကို ပစ်သတ်တာ။ ဟိုဘက်ရွာမှာဖြစ်နေတာ ဒီဘက်ရွာကမသိဘူး။ ထမင်းငတ် ဟင်းငတ် ထိုင်ခိုင်းထားတယ်။ တချို့အဖိုးကြီးတွေဆို ပျော့ခွေကျသွားကြတယ်။” ဟုထပ်မိန့်သည်။

အဆိုပါ သေဆုံးသွားသူများမှာ စစ်ကောင်စီက သေနတ်နှင့် ပစ်သတ်၍ အမျိုးသား(၉) ဦးပွဲချင်းပြီးသေဆုံးခဲ့ပြီး မျက်မြင်ဖြစ်သူ အမျိုးသမီးတစ်ဦးမှာ နှလုံးရပ်သေဆုံးခဲ့သဖြင့် သေဆုံးသူ (၁ဝ) ဦးအထိရှိခဲ့ကြောင်းအဆိုပါ ရပ်ကွက်သားများ၏ ပြောပြချက်အရသိရသည်။

သေဆုံးသူများမှာ ဆတ်ရိုးကျရပ်ကွက်မှ ဦးကုလားအောင်၊ ဦးကျော်နိုင်၊ ဦးကျော်သိန်းဦး၊ ဦးသိန်းထွန်းဝင်း၊ဦးမောင်သန်းထွန်း၊ ဦးမောင်ပေါက်၊ ကိုမောင်ကျော်ဆန်းဦး၊ ဦးမောင်လုံးချေနှင့် ဦးမောင်ချဘုကောင် တို့ဖြစ်ကြကြောင်း သိရသည်။

လက်ရှိတွင် ဝင်္ကဘာကွင်းအတွင်းသို့ ပြောင်းရွှေ့ထားသူများကို ဆွေးမျိုးများရှိပါက သွားခွင့်ပြုထားပြီးဆွေးမျိုးသားချင်းမရှိသူများကို ကွင်းအတွင်းတွင် ထိုင်ခိုင်းထားကြောင်း စစ်တွေမြို့ပေါ်ဒေသခံများကပြောသည်။

“ စစ်ကားတွေနဲ့ ကလေးတွေ မိန်းမတွေကို ဝင်္ကဘာကွင်းမှာလာချထားပါတယ်။ အမျိုးတွေရှိရင်တော့ ထွက်သွားခွင့်ပြုတယ်လို့ပြောပါတယ်။ ကျွန်တော်တို့ အိမ်နီးနားချင်းတွေရဲ့အမျိုးတွေလည်းပါပါတယ်”ဟုပြောသည်။

စစ်ကောင်စီသည် စစ်တွေမြို့ပေါ်တွင် ဧည့်စာရင်းစစ်သည်ဟု အကြောင်းပြကာ နေအိမ်များအား ဝင်ရောက်စစ်ဆေးမှုများကို ရပ်ကွက်၊ ကျေးရွာအလိုက်ပြုလုပ်နေသဖြင့် ဒေသခံများ စိုးရိမ်နေကြရကြောင်းသိရသည်။

ဆက်စပ် သတင်းများ