ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

နေရပ်ပြန်ရေးကူညီပေးမည်ဟုစစ်ဘေးရှောင်များကိုတပ်မတော်ကကမ်းလှမ်း၊ စစ်ဘေးရှောင်များကအာမခံချက်မရှိဘဲမပြန်နိုင်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ မတ် ၂၀၂၁
  • | ကြည့်ရှုသူ: 8.7k

ဇွဲဓန (ကိန်းသာမြေ)၊ ရဲသွေးနီနီ

နိရဉ္စရာ၊ မတ် ၁၅ / ၂ဝ၂ဝ

 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ပေါ်ရှိ စစ်ဘေးရှောင် စခန်း ၄ ခုသို့ တပ်မတော်နှင့် ဌာနဆိုင်ရာ တာဝန်များက ယမန်နေ့က လာရောက်ပြီး နေရပ်ပြန်လိုပါက ကူညီပေးမည်ဖြစ်ကြောင်း ပြောကြားသော်လည်း စစ်ဘေးရှောင်များက အာမခံချက် မရှိဘဲ နေရပ်မပြန်နိုင်သေးကြောင်း ပြန်လည် တင်ပြ ပြောဆိုလိုက်သည်ဟု သိရသည်။

 

နွားရုံတောင်ကျေးရွာမှ ဘူးသီးတောင်မြို့ လမ်းမစစ်ဘေးရှောင်စခန်းသို့ ရောက်ရှိပြီး စခန်းတာဝန်ခံ အဖြစ်ဆောင်ရွက်နေသူ ဦးဦးကျော်ဝင်းက အစိုးရက တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘဲ နေရပ် မပြန်နိုင်ကြောင်း ပြန်လည်ပြောဆိုလိုက်သည်ဟု ဆိုသည်။

 

မူလနေခဲ့တဲ့နေရာမှာ မိုင်းအန္တရာယ်တွေကြောင့် မသွားရဲဘူး။ နောက်တစ်ခုက အခုက ယာယီ တပ်စခန်းတွေကိုလည်း မရုပ်သိမ်းပေးဘဲ ချထားလို့ ရှိနေတယ်ဆိုတော့ ကျနော်တို့က လက်တွေ့ ခံစားခဲ့ဖူးတဲ့သူတွေဆိုတော့ မပြန်ရဲဘူး။  ဒီဘက်က AA တပ်စခန်း၊ ဟိုဘက်က မြန်မာ့တပ်မတော် စခန်းဆိုတော့ တိုက်ပွဲဖြစ်ရင် ကျနော်တို့ပြည်သူတွေ ကြားမှာ ဓားစာခံဖြစ်နေတယ်။ တကယ်လို့များ ပြဿနာဖြစ်လာတယ်ဆိုရင် ကျနော်တို့သည် အတိဒုက္ခ ပိုပြီးရောက်သွားနိုင်တယ်။ ဒါကြောင့် နေပြီးတော့ ကျနော်တို့ကို တာဝန်ယူမှု၊ တာဝန်ခံမှုပေးရင်တော့ ပြန်မယ်ဆိုပြီးတော့ ကျနော်တို့က ဖြေလိုက်ပါတယ်ဟု ၎င်းက ပြောသည်။

 

မတ်လ ၁၄ ရက်နေ့ က ဘူးသီးတောင် အခြေချဗျူဟာမှ ဗျူဟာမှူးအပါအဝင် မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့၊ မြို့နယ်ထွေ/အုပ်နှင့် မြို့နယ် ရဲတပ်ဖွဲ့မှတာဝန်ရှိသူတို့က ဘူးသီးတောင်မြို့ပေါ်ရှိ  စစ်ဘေးရှောင်စခန်း (၄)ခု သို့  သွားရောက်ပြီး နေရပ်ပြန်လိုပါက ကူညီပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ဘူးသီးတောင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်အဖွဲ့ဥက္ကဋ္ဌ ဦးရွှေလှအောင်က နိရဉ္စရာသို့ ပြောသည်။

 

နှင်တာမဟုတ်ပါဘူး။  တိုက်ပွဲမရှိ၊ နယ်မြေအေးချမ်းနေပြီ။ ပြန်ဖို့ဆန္ဒရှိလား၊ မရှိလား၊ ပြန်မယ်ဆိုရင် ဘာအခက်အခဲရှိလဲ။ သူတို့က ကျနော်တို့အစိုးရက ဘာအကူအညီပေးနိုင်မလဲ။ တပ်က ဘာအကူအညီ ပေးနိုင်မလဲ။ နောက်တစ်ခုက သူတို့က ပြန်မယ်ဆိုရင် တပ်က လိုက်ပို့ပေးမှာပေါ့။ သူတို့ကားနဲ့။ ကားသွားလို့ရတဲ့ နေရာဆို လိုက်ပို့ပေးမယ်။ အဲဒါကို ချပြတာပါဟု ၎င်းက ပြောသည်။

 

၎င်းပြင် ရပ်ရွာအနီးအနားတို့တွင် မိုင်းရှင်းလင်းမှုများဆောင်ရွက်နေပြီဖြစ်ကြောင်း၊  ရပ်ရွာအနီး တပ်စွဲထားမှုများမှာ ရွာသားများကို ဒုက္ခပေးရန်အတွက်မဟုတ်ကြောင်း၊ ရွာသားများ၏ လုံခြုံရေးကို တာဝန်ယူပေးရန်အတွက်သာဖြစ်ကြောင်း တပ်မတော်တာဝန်ရှိသူများက ပြောဆိုသွားခဲ့သည်ဟု  မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဦးရွှေလှအောင်က ပြောသည်။

 

စစ်ဘေးရှောင်များက မိမိနေရပ်ပြန်လိုကြောင်း၊ သို့သော် မိုင်းများကို ရှင်းလင်းပေးရန်၊ ရွာအနီးရှိ တပ်စခန်းများကို ရုပ်သိမ်းပေးရန်နှင့် ပျက်စီးနေသည့် နေအိမ်များကို ပြန်လည် ပြုပြင်ပေးရန် တောင်းဆိုခဲ့ကြသည်ဟု  ရန်အောင်မြေ စစ်ဘေးရှောင် စခန်း တာဝန်ခံ ဦးဝင်းမောင်က ပြောသည်။

 

စစ်ဘေးရှောင်တွေက ကိုယ့်နေရပ်ကို ပြန် ချင်တယ်။ ရပ်ရွာ အနီးအနားမှာ မိုင်းရှင်းလင်းပေးဖို့ လိုပါတယ်။ အခုက ရွာသို့ပြန်သွားရင်လည်း ဘာဆို ဘာမျှ မရှိတော့ စားရေးသောက်ရေး အခက်အခဲလည်း ရှိတယ်။ ရွာအနီးမှာလည်း တပ်စွဲထားတော့ လူတွေက  စိုးရိမ်ကြောက်လန့် နေကြတယ်။ ပျက်စီးသွားတဲ့ အိမ်တွေကိုလည်း ပြုပြင်ပေးဖို့ လိုပါတယ်။ ဒါကြောင့် မပြန်နိုင်သေးဘူးလို့ တင်ပြလိုက်ပါတယ် ဟု ၎င်းက ပြောဆိုသည်။

 

ဘူးသီးတောင်မြို့ပေါ်ရှိစစ်ဘေးရှောင်စခန်း (၄)တို့မှာ ရန်အောင်မြေစစ်ဘေးရှောင်စခန်း၊ လမ်းမစစ်ဘေးရှောင်စခန်း၊ မြတောင်စစ်ဘေးရှောင်စခန်းနှင့် ဂန္ဓာရီဘုန်းကြီးကျောင်း စစ်ဘေးရှောင် စခန်းတို့ဖြစ်သည်။

 

ဘူးသီးတောင်မြို့ပေါ်ရှိ ၎င်း စခန်း ၄ ခုတွင်  လူဦးရေ ငါးထောင်ခန့်ရှိပြီး အများစု ကျေးရွာသားများမှာ  ဘူးသီးတောင်မြို့နယ် နွားရုံတောင်၊ စံဂိုးထောင်၊ စပါးထား၊ ဥယျာဉ်သာ၊ ကျောက်ရံစသည့် ကျေးရွာများမှ ဖြစ်ကြသည်။

 

ဆက်စပ် သတင်းများ