ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ရွှေလောင်းတင်ကျေးရွာမှစစ်ဘေးရှောင်များကို တပ်မတော်က ပစ္စည်း ၁၃ မျိုးထောက်ပံ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ မတ် ၂၀၂၁
  • | ကြည့်ရှုသူ: 6.4k

ချစ်အိလှိုင်

နိရဉ္စရာ၊ မတ် ၁၅/ ၂ဝ၂၁

 

စစ်ဘေးရှောင်ရာမှ ပြန်လာသူ ရသေ့တောင်မြို့နယ်၊ ရွှေလောင်းတင်ကျေးရွာမှ အိမ်ထောင်စု ၄၀ ကို တပ်မတော်က ပစ္စည်း ၁၃ မျိုး လာရောက် ထောက်ပံ့ပေးခဲ့သည်ဟု ကျေးရွာသားများက ပြောသည်။


ရွှေလောင်းတင်ကျေးရွာရှိ နေရပ်ပြန်လာသူ စစ်ဘေးရှောင် ဦးစိန်ကျော်ဝင်းက ဒီနေ့မနက်က ကျွန်တော်တို့ ရွာကို ပစ္စည်း ၁၃ မျိုးလာပေးပါတယ်။ တပ်မတော်ကြေး၊ ရေ၊ လေက လာထောက်ပံ့တာပါဟု ပြောသည်။

 

လာရောက် ထောက်ပံ့သည့် ပစ္စည်းများမှာ မီးသီးအလုံး(၄ဝ)၊ ဇီဝမီးဖို(၄ဝ)၊ သွပ်ပြားအပါး(၆ဝဝ)ချပ်၊ သံမှို ပိဿ (၅ဝ)၊ ရေဆွဲဗုံး(၄ဝ)၊ ခြင်ထောင်(၈ဝ)လုံး၊ ခေါင်းအုံး(၈ဝ)၊ ဖော်မီလာ (၄ဝ)၊ မျက်နှာသုပ် ပုဝါ(၄ဝ)၊ အိပ်ယာခင်း(၄ဝ)၊ စောင်ပါး(၈ဝ)၊ အမျိုးသားဝတ်ပုဆိုး(၄ဝ)၊ အိမ်ကာသည့် ရေစိုဖလိန်း (၂ဝဝ)ချပ်တို့ ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

 

ကျွန်တော်တို့ ဘဝတွေက အလုပ်လက်မဲ့နဲ့ အိမ်ခြေယာမဲ့ ဖြစ်နေကြတာပါ။  ဘယ်လိုလုပ် လုံလောက်မလဲ။ ဒီနှစ်စပိုင်းကတည်းက ရွာပြန်လာခဲ့ကြတာပါ။ အလုပ်မရှိတော့ ငတ်တဲ့လူက ငတ်ပြီး ဖြစ်သလို ရုန်းကန် စားသောက်နေကြရတာပါ ဟု ဦးကျော်စိန်ဝင်း ဆက်ပြောသည်။

 

နေရပ်ပြန်စစ်ဘေးရှောင်များအတွက် ပြန်လည်ထူထောင်ရေးပစ္စည်းမှာ ထောက်ပံ့ နေသော်လည်း ဘဝ ပြန်လည်ထူထောင်ရေးအတွက် လုံလောက်မှုမရှိ၊ အခက်အခဲ ရှိနေသေးကြောင်း ၎င်းက ဆိုသည်။

 

ကျွန်တော်တို့ပြန်ရောက်ကတည်းက ငါးရှာတယ်၊ ထင်းခွေရောင်းရတယ်။ မိုင်းမရှင်းရသေးခင်ဆိုရင် ထင်းခွေရောင်းလို့လည်းမရဘူး။ စားဝတ်နေရေးအတွက် ရိက္ခာ နှစ်လ၊ သုံးလစာ အလုံအလောက် ရှိနေရင် ကျွန်တော်တို့ လုပ်ကိုင်စားသောက်စုဆောင်းနိုင်မယ်။ ဒါကြောင့် သက်ဆိုင်ရာတွေက ကူညီ ပေးစေချင်တယ်။ အခုလာကူညီတာကိုလည်း ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် အိမ်ခြေ ၃ဝဝ ကျော် ရှိတဲ့ရွာကို အိမ်ခြေ ၄ဝအတွက်ပဲဆိုတော့ ကျန်တဲ့လူတွေကလည်း လိုချင်ကြတာပေါ့ ဟုပြောသည်။

 

ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဝင်ဗိုလ်မှူးကြီးမင်းသန်းက ၄င်းတို့အနေဖြင့် ငွေသား သိန်း ၁ဝဝနှင့် အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့ခဲ့ပြီး နောက်ထပ်လည်း ကူညီထောက်ပံ့ရန် အစီစဉ်များ ရှိသေးကြောင်း ပြောသည်။

 

ရိက္ခာတစ်လစာအတွက် ပေးထားတာရှိတယ်။ နောက်ထပ်လည်း ဆက်ပေးဖို့ရှိတယ်။ နေရပ်ပြန်တဲ့ လူတွေကိုထောက်ပံ့ပေးတာပေါ့။ တို့သိတာက နောက်ဆုံးတစ်ခေါက် မိသားစု ၄ဝ အတွက် စာရင်းအရပေးတာပေါ့ ဟုပြောသည်။

 

၄င်းတို့အနေဖြင့် ရခိုင်ပြည်နယ်ရှိ ကျေးရွာများအနီးနှင့် ကားလမ်းဘေးဝဲယာတလျောက်တို့တွင် မိုင်းရှင်းလင်းရေးများ လုပ်ဆောင်နေပြီး၊ စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေး အတွက် ကူညီထောက်ပံ့မှုများ လုပ်ဆောင်ပေးသွားမည်ဟု မတ်လ ၁၁ ရက်နေ့က ရခိုင်သတင်းထောက် အချို့နှင့် တွေ့ဆုံစဉ် ပြောဆိုထားသည်။

 

လက်ရှိတွင် ရသေ့တောင်မြို့နယ် ရွှေလောင်တင်ကျေးရွာနှင့်ကံပြင်ကျေးရွာတို့ရှိ စစ်ဘေးရှောင်များကို ကူညီမှုများ လုပ်ဆောင်ပေးသွားမည်ဟုလည်း ယင်းနေ့က ပြောဆိုထားသည်။


ရသေ့တောင်မြို့နယ်မှ ရွှေလောင်းတင်နှင့် ကံပြင်ကျေးရွာများသည် မေယုမြစ်ကမ်းနှင့် နီးသဖြင့် နေဗီမှ ပစ်ခတ်သော လက်နက်ကြီးကျည်များ မကြာခဏ လာရောက်ထိမှန်သဖြင့် ရွာသားအချို့မှာ ကျေးရွာများကို စွန့်ခွာထွက်ပြေးခဲ့ကြပြီးနောက် လက်ရှိတွင် ရွာကို ပြန်လာခဲ့သူများ ဖြစ်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ