သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

စစ်ဘေးရှောင်များအတွက် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ စစ်တွေမြို့မစျေးကြီး၌ အလှူငွေကောက်ခံ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ မတ် ၂၀၂၁
  • | ကြည့်ရှုသူ: 9k

ဇော်ဝင်းဌေး( ငခူချောင်း)

နိရဉ္စရာ၊ မတ်လ ၁၈ / ၂၀၂၁


ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ဦးဆောင်ပြီး ရခိုင်စစ်ဘေးရှောင်များအတွက် စစ်တွေမြို့မစျေးကြီး၌ အလှူငွေကောက်ခံခဲ့ကြကြောင်း သိရသည်။

ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ ဘဏ္ဍာရေးမှူးချုပ် ကိုခိုင်စိုးလင်းက အလှူငွေကောက်ခံမှုကို ရခိုင်ပြည်နယ်ရှိ တက္ကသိုလ်အသီးသီးမှ တာဝန်ရှိသူများ၏ ဆုံးဖြတ်ချက်များဖြင့် စစ်တွေမြို့မ စျေးကြီး၌ မတ်လ ၁၆ ရက်နေ့က နံနက်၉ နာရီမှ နေ့လယ်၁ နာရီအထိ ကောက်ခံခဲ့ကြသည်ဟု နိရဉ္စရာသို့ ပြောသည်။

တက္ကသိုလ်အသီးသီးက တာဝန်ရှိသူတွေရဲ့ ဆုံးဖြတ်ချက်နဲ့ ကောက်ယူခဲ့ကြတာပါ။ မြန်မာပြည်အနှံ့ ဆန္ဒပြပွဲတွေလည်း ပေါ်ပေါက်နေတော့ စစ်ဘေးဒုက္ခသည်အရေးဘက် အားလျော့သွားကြတယ်လို့ ထင်ပါတယ်။ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂကတော့ မြို့နယ်အသီးသီးမှာရှိတဲ့ စစ်ဘေးရှောင်တွေကို အရင်တုန်းကလည်း သွားရောက်လှူဒါန်း ဖြစ်ပါတယ်၊ တတ်စွမ်းသလောက်ပေါ့လေ။ ဆက်ပြီးတော့ တတ်နိုင်တဲ့ဘက်က ထောက်ပံ့ကူညီသွားမှာပါ ဟု ပြောသည်။

မြို့နယ်အသီးသီးရှိ စစ်ဘေးရှောင်စခန်းများကို ကူညီထောက်ပံ့သွားရန်အတွက် မိဘပြည်သူ ရဟန်းရှင်လူများ၏ အလှူငွေထည့်ဝင်မှုမှာ ၁၂၃၁၉၅ဝကျပ်( တစ်ဆယ့်နှစ်သိန်း သုံးသောင်း တစ်ထောင် ကိုးရာ့ငါးဆယ် ကျပ်) ကောက်ခံ ရရှိခဲ့ကြောင်း ၄င်းက ဆက်ပြောသည်။

ကောက်ခံရရှိခဲ့သော ငွေများကို ရခိုင်ပြည်အတွင်း အရေးပေါ်လိုအပ်လျက်ရှိသော စစ်ဘေးရှောင် စခန်းများအပြင် မိုင်းနှင့် စစ်ကျန် လက်ကျန်ပေါက်ကွဲ၍ ဒဏ်ရာရရှိသွားသော သူများအား ဆေးကုသ စရိတ်များကိုပါ ကူညီထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း သူကဆက်ပြောသည်။

ရက္ခိုင်ပြည်ကျောင်းသား သမဂ္ဂ၏ စစ်ဘေးရှောင်ကူညီထောက်ပံ့ရေးဆိုင်ရာကိစ္စရပ်များအတွက် အလှူငွေများနှင့် အလှူဝတ္ထုပစ္စည်းများ လှူဒါန်းလိုပါက စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေး ဆပ်ကော်မတီ( ရ.က.သ) ဘဏ္ဍာရေးမှူးများအဖွဲ့များကို ဆက်သွယ်လှူဒါန်းနိုင်ကြောင်းလည်း သိရသည်။ 

ဆက်စပ် သတင်းများ