ဗုဒ္ဓဟူး၊ မေလ ၁ရက်၊ ၂၀၂၄

စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေးတတ်နိုင်သမျှကူညီဆောင်ရွက်ပေးသွားမည်ဟု ဘူးသီးတောင်၊ မောင်တော ခရီးစဉ်တွင် ဒေါက်တာအေးမောင်ပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ မတ် ၂၀၂၁
  • | ကြည့်ရှုသူ: 9.8k

ဇွဲဓန(ကိန်းသာမြေ)

နိရဉ္ရရာ၊  မတ်လ ၂၂ / ၂၀၂၁

စစ်ဘေးရှောင်များနေရပ်ပြန်နိုင်ရေးအတွက် အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးသွားမည်ဟု  ဘူးသီးတောင်နှင့်မောင်တောခရီးစဉ်တွင် ဒေါက်တာအေးမောင်က ပြောဆိုသွားခဲ့သည်ဟု စစ်ဘေးရှောင်များက ပြောကြားသည်။

ဘူးသီးတောင်မြို့ (၅) ရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်း ဦးမောင်နိုင်စိုးက ကျနော်တို့ ရပ်ကွက်မှာရှိတဲ့ ရန်အောင်မြေ စစ်ဘေးရှောင်စခန်းကို ရောက်လာတယ်။ ဒီစခန်းမှာ ခိုလှုံနေတဲ့ စစ်ရှောင်တွေကို နေရပ်ပြန်နိုင်ဖို့ အတွက် တတ်နိုင်သလောက် ပံ့ပို့ကူညီပေးသွားမှာလို့ ပြောခဲ့တယ်။ ပြီးတော့ နေရပ်ကို မပြန်နိုင်တဲ့ အချိန်ကာလ မှာလည်း စားဝတ်နေရေးအတွက် လိုအပ်တာတွေကို ပြည်နယ်အစိုးရနဲ့ နိုင်ငံတကာအဖွဲ့တွေဆီမှာ တင်ပြ ကူညီ ဆောင်ရွက်ပေးသွားဖို့ ဒေါက်တာက ပြောခဲ့တယ်။ ပြီးတော့ စစ်ကျန် လက်နက် အကြွင်းအကျန် မိုင်းတွေကြောင့် ထိခိုက်ဒဏ်ရာတွေ မရရှိဖို့အတွက် အဲဒါတွေကို ရှင်းလင်းပေးနိုင်အောင် ကူညီပေးသွားမယလို့ ပြောခဲ့တယ်။ဟု ပြောသည်။

ဒေါက်တာအေးမောင်သည် ယမန်နေ့  မတ်လ ၂၁ ရက် ဘူးသီးတောင်မြို့ (၅) ရပ်ကွက်ရှိ ရန်အောင်မြေ စစ်ဘေးရှောင် စခန်းသို့ ညနေ ၃ နာရီက လာရောက်ပြီး စစ်ဘေးရှောင်များနှင့် တွေ့ဆုံစဉ် ပြောကြား သွားခဲ့သည်ဟု ဆိုသည်။  

ဒေါက်တာအေးမောင်သည် မတ်လ ၂၁ ရက်နေ့ ဘူးသီးတောင်နှင့် မောင်တောသို့ ရောက်ရှိလာပြီး သူ၏ ခရီးစဉ်အတွင်း လူပေါင်း ထောင်နှင့်ချီပြီး ကြိုဆိုခဲ့ကြသည်။

ဘူးသီးတောင်မြို့ လမ်းမဘုန်းကြီးကျောင်းစစ်ဘေးရှောင်စခန်း တာဝန်ခံဦးဦးကျော်ဝင်းက ဒေါက်တာက ဒေသန္တာရ လှည့်လည်ရေးခရီး အလည်အပတ်လာတာလို့ ပြောတယ်။ အရင်လိုမျိုး စည်းရုံးရေးအတွက် လာတာ မဟုတ်ဘူးလို့ ပြောခဲ့တယ်။ ပြီးတော့ စစ်ဘေးရှောင်တွေရဲ့ အခက်ခဲတွေကို တင်ပြဖို့ ပြောပါတယ်။ တင်ပြလာတဲ့ အခက်ခဲတွေကို ပြည်နယ်အစိုးရဆီမှာ တင်ပြပြီး ကူညီဆောင်ရွက်ပေးသွားမှာလို့ပြောခဲ့တယ်။ စစ်ဘေးရှောင်တွေအတွက် ရနိုင်တဲ့ အရာတွေကို တင်ပြပြီး တတ်နိုင်သလောက် ကူညီသွားမှာလို့ ပြောခဲ့တယ်။ဟု ပြောသည်။

အလားတူ ဘူးသီးတောင်မြို့ မြတောင်စစ်ဘေးရှောင်စခန်းတွင်လည်း  စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်စေရန် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မပြန်နိုင်သည့် အချိန်ကာလ အတွင်း စားဝတ်နေရေးအတွက် ကူညီထောက်ပံ့မှုရရှိစေရန် ရခိုင်ပြည်နယ် အစိုးရနှင့် နိုင်ငံခြား အဖွဲ့အစည်းများ ထံတွင် တင်ပြပေးသွားမည်ဟု ပြောဆိုခဲ့ကြောင်း တာဝန်ခံ ဦးမောင်ထွန်းဝေက ပြောဆိုသည်။ 

ဒေါက်တာ အေးမောင်သည် ောင်တော၊ ဘူးသီးတောင် လှည့်လည်ရေးခရီးစဉ်တွင် ဘူးသီးတောင်မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်း ၄ ခုမှ စစ်ဘေးရှောင်များအား  သွားရောက်အားပေးစကား ပြောဆိုခဲ့ကြောင်း ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်သောင်းရွှေက ပြောသည်။

 မနေ့က ပထမဆုံး မောင်တောကို သွားတယ်။ အဲဒီကအပြန် တစ်ရက်တည်းမှာပဲ ဘူးသီးတောင်ကို သွားတယ်။ အဲဒီမှာ စစ်ဘေးရှောင်စခန်း လေးခုကို သွားခဲ့တယ်။ ဒုက္ခသည်တွေရဲ့ အခက်ခဲတွေကို မေးမြန်းခဲ့တယ်။ သူတို့တွေကို အားပေးစကား ပြောခဲ့တယ်။ ပြီးတော့ မြို့ပေါ်မှာရှိတဲ့ ရဟန်းသံဃာတွေကို ပင့်ဆောင်ပြီး အာရုံဆွမ်းကပ်လှူခဲ့တယ်။ ဆရာတော်ကြီးတွေရဲ့ သြဝါဒ စကားခံယူတယ်။ဟု ပြောသည်။

ဒေါက်တာ အေးမောင် လွတ်မြောက် လာခြင်းမှာ ပြည်သူများ၏ တောင်းဆိုမှုနှင့်အတူ  အစိုးရအပြောင်းအလဲ  တွင် လွတ်မြောက်လာရခြင်းဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်း ဒေါက်တာ အေးမောင်အား သွားရောက်ကြိုဆိုသူ မောင်တောမြို့၊ ရပ်ကွက်(၁) က ကိုဇော်နိုင်သိန်းက ပြောသည်။

ကျနော် ထောင်ဒဏ် နှစ် ၂၀ ကျနေတဲ့အပေါ်မှာ လွတ်မြောက်ဖို့အတွက် ပြည်သူတွေက တောင်းဆိုခဲ့တယ်။ ဆန္ဒဖော်ထုတ်ခဲ့တာတွေ ရှိတယ်။ ပြည်သူတွေရဲ့ တောင်းဆိုမှုနဲ့အတူ အစိုးရအပြောင်းအလဲမှာ ကျနော် လွတ်မြောက်လာတာဖြစ်တယ်လို့  ပြောခဲ့ပါတယ်။ ပြည်သူတွေအတွက် သူ လုပ်ပေးနိုင်သလောက် လုပ်ပေးသွားမှာလို့ ပြောခဲ့တယ်။ ကြိုဆိုနေတဲ့ ကျနော်တို့ လူထုတွေကို ကျေးဇူးတင် စကားပြောဆိုခဲ့တယ်။    ဟု ပြောသည်။

မောင်တောမြို့ ၊ မြို့မပရိယတ္တိစာသင်တိုက်တွင် သမိုင်းဝင် မဟာကျန်ဘုရားအား ဖူးမျှော်ခဲ့ပြီး ဆရာတော်များထံ သြဝါဒခံယူကာ မြို့ခံလူထုများနှင့် လောကမာရဇိန်သိမ်တော်ကြီး၌ တွေ့ဆုံစကားပြောခဲ့ကြောင်း ၄င်းက ပြောသည်။

မောင်တော၊ ဘူးသီးတောင် လှည့်လည်ရေးခရီးစဉ်တွင် ဒေါက်တာ အေးမောင်ကို  နှစ်မြို့ပေါင်း ဒေသခံလူထု ၂၀၀၀ ကျော် ကြိုဆိုခဲ့ကြောင်း သိရသည်။

NLD အစိုးရလက်ထပ်တွင် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ (၁၅) ရက် နေ့က ရသေ့တောင်မြို့တွင် ပြုလုပ်ခဲ့သည့် ရခိုင့်ဘုရင်နိုင်ငံတော် အချုပ်အချာအာဏာကျဆုံးခြင်း (၂၃၃) နှစ်မြောက်အထိမ်းအမှတ်ဟောပြောချက်သည် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေနှင့် ငြိစွန်းသည်ဟု  ၂၀၁၉ ခုနှစ်၊ မတ်လ (၁၉) ရက် နေ့တွင် နိုင်ငံတော် ပုန်ကုန်မှု ပုဒ်မ-၁၂၂ / နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ-၅၀၅(ခ) တို့ဖြင့် ဒေါက်တာ အေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင် တို့အား စစ်တွေခရိုင်တရားရုံးမှ ထောင်ဒဏ် နှစ်(၂၀) ချမှတ်ခဲ့ခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ (၁) ရက် နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အာဏာသိမ်းပြီးနောက် (၇၄) နှစ်မြောက်၊ ပြည်ထောင်စုနေ့တွင် တစ်နိုင်ငံလုံး အကျဉ်းသား ၂၃၃၁၄ ဦးတို့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရာမှ  ၄င်းတို့ နှစ်ဦး လည်း လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။ 

(  ဓာတ်ပုံ- ထွန်းသိန်းသိန်း)


ဆက်စပ် သတင်းများ