ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ရခိုင်ပြည်နယ်ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းက မီးဘေးသင့် တိမ်ညိုစစ်ဘေးရှောင်များအတွက် ငွေကျပ်သိန်း ၂၀၀ လှူဒါန်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ မတ် ၂၀၂၁
  • | ကြည့်ရှုသူ: 2.7k

ဇွဲဓန(ကိန်းသာမြေ)

နိရဉ္စရာ၊ မတ်လ ၂၃ / ၂၀၂၁


ရခိုင်ပြည်နယ် ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းက မီးဘေးသင့် တိမ်ညိုစစ်ဘေးရှောင် မိသားစုများအား ငွေကျပ် ၂၀၀ သိန်း နှင့် သောက်ရေသန့် တစ်လီတာကဒ် ၇၀၀ တို့ကို ယနေ့ သွားရောက် လှူဒါန်းကြောင်း သတင်းရရှိသည်။

မီးဘေးသင့် တိမ်ညိုစစ်ဘေးရှောင်များအား   လူသားချင်းစာနာ ထောက်ထားသည့် အနေဖြင့် ယခုကဲ့သို့ သွားရောက်လှူဒါန်းရခြင်းဖြစ်ကြောင်း ၄င်းအသင်း၏ တွဲဖက်ဘဏ္ဍာရေးမှူး ဦးထွန်းလှကျော်က ပြောသည်။

 အခုလို လှူဒါန်းရတာက လက်တလော ဖြစ်ပွားနေတဲ့ တိမ်ညိုစစ်ဘေးရှောင်စခန်းက အတိဒုက္ခ ရောက်နေတဲ့ မီးဘေးသင့် စစ်ဘေးရှောင်တွေကို လူသားချင်းစာနာ ထောက်ထားတဲ့အနေနဲ့ ဖြစ်တယ်။ ဒီစစ်ရှောင်တွေကို ကျနော်တို့  အသင်းက တစ်ဖက်တစ်လမ်းက ကူညီမှဖြစ်မယ်ဆိုပြီးတော့ ဆုံးဖြတ်ခဲ့တယ်။ လှူဒါန်းမှာက ငွေ သိန်း ၂၀၀ ကျပ်နဲ့ ရေသန့် တစ်လီတာကဒ် ၇၀၀ ဖြစ်တယ်။  

၎င်းအလှူငွေများကို ယနေ့ အသင်းသားများကိုယ်တိုင် တိန်ညိုစစ်ဘေးရှောင်စခန်းသို့ သွားရောက် လှူဒါန်းခဲ့ကြသည်ဟု ဆိုသည်။

ဒီနေ့မှာ  အဲဒီငွေကို ကုမ္ပဏီပိုင်ရှင် အသင်းသားများက ကိုယ်တိုင်သွားရောက်ပြီ လှူဒါန်းမှာဖြစ်တယ်။ မီးဘေးသင့် အိမ်ထောင်စု ၆၆၃ စု အတွက်ဆိုရင် တစ်အိမ်ထောင်ကို ၃၅၀၀ ကျပ် လောက်ရမယ် ထင်ပါတယ်။ တစ်ခြား ကုမ္ပဏီပိုင်ရှင်တွေကလည်း စေတနာ ထက်သန်သလောက် လှူဖို့အစီစဉ် ရှိပါတယ်။ ဒီမီးဘေးသင့် စစ်ရှောင်တွေကို နောက်ထပ် အလှူရှင်တွေလည်း လှူဒါန်းကြပါလို့ ပြောချင်တယ်ဟု ဦးထွန်းလှကျော်က ပြောသည်။

တိမ်ညိုစစ်ဘေးရှောင်စခန်းသည် ပြီးခဲ့သည့် မတ်လ ၁၇ ရက်နေ့ ည ၈ နာရီအချိန်ခန့်က မီးလောင်မှု တစ်ခုဖြစ်ပွားမှုကြောင့်  အိမ်ထောင်စု ၆၆၃ စုနှင့် လူဦးရေ ၂၅၆၅ ဦးရေ တို့ အိုးမဲ့၊ အိမ်မဲ့ဖြစ်သွားခဲ့သည်။

မြောက်ဦးမြို့နယ်၊ တိန်ညိုစစ်ဘေးရှောင်စခန်းကို ၂၀၁၉ ခုနှစ်၊ ဧပြီလအတွင်းက တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါစခန်း၌ မြောက်ဦးမြို့နယ်မှ ကျေးရွာပေါင်း ၁၃ ရွာတို့မှ စစ်ဘေးရှောင်ဦးရေ ၃၃၅၅ ဦးနှင့် အိမ်ထာင်စု ၈၇၅ စု ရှိ၍ အမျိုးသားဦးရေ ၁၅၀၁ ဦးနှင့် အမျိုးသမီးဦးရေ ၁၈၅၄ ဦးတို့ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သည့် ၂ နှစ်ကျော်အတွင်း အိုးအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ရသူ စစ်ဘေးရှောင်ပေါင်း ၂ သိန်းကျော်အထိ ရှိခဲ့ကြောင်း၊ လက်ရှိတွင် မိသားစု တချို့ နေရပ်ပြန်သွားသဖြင့် စစ်ဘေးရှောင် တစ်သိန်းရှစ်သောင်းကျော်ကျန်ရှိနေသေးသည်ဟု သိရသည်။

၎င်းပြင် တိုက်ပွဲကာလအတွင်း မြေမြှုပ်မိုင်းနှင့် စစ်လက်နက်အကြွင်း အကျန်ပစ္စည်းများ ပေါက်ကွဲ၍ လူပေါင်း ၃၄၃ သေဆုံးခဲ့ရပြီး လူပါင်း ၇၈၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများအစည်းအရုံး (REC) ၏ စာရင်းအရ သိရသည်။

ဆက်စပ် သတင်းများ