စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

မင်းပြားမြို့နယ် အမ်းသားရွာစစ်ဘေးရှောင်စခန်းမှ မိသားစုဝင်၄ ဦး မှိုအဆိပ်သင့်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ မေ ၂၀၂၁
  • | ကြည့်ရှုသူ: 7.9k

ချစ်အိလှိုင်

နိရဉ္စရာ၊ မေလ ၃ဝ/ ၂ဝ၂၁

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ အမ်းသားရွာ စစ်ဘေးရှောင်စခန်းတွင် မိသားစုဝင် ၄ ဦး မှိုအဆိပ် သင့်ခဲ့ကြသည်ဟု သတင်းရရှိသည်။

၄င်းမိသားစု ၄ ဦးမှာ ဦးကျော်လှ (၄၅)နှစ်၊ သားကြီး ဖြစ်သူ ဦးကျော်နိုင်(၂၅)နှစ်၊ သမီးဖြစ်သူ ခိုင်ခိုင်ဆန်း(၁၃)နှစ် နှင့် သမီးငယ် မခင်မာနွယ်(၂)နှစ် တို့ဖြစ်ကြောင်း သိရသည်။

ဦးကျော်လှ၏ ဇနီးဖြစ်သူ ဒေါ်ကြည်ဦးမော်က   ကျွန်မကလည်း ဘုန်းကြီးကျောင်းနောက်ဖက်မှာ မှိုတွေ ပွင့်နေတာတွေ့လို့ ခူးချက်လိုက်တာပါ။ ကလေးတွေနဲ့ သူတို့အဖေက စားပြီးတာနဲ့အန်တယ်၊ ဝမ်းသွားတယ်။ ကလေးတွေအဖေက သတိမရတစ်ချက်ရတချက်နဲ့မို့ နီးစပ်ရာ သေကန်ရွာက ဆေးမှူးကို သွားခေါ်ခဲ့ရတာပါ။ အခုဆေးထိုးထားလို့ သက်သာနေကြပါပြီဟုပြောသည်။

ယနေ့ နံနက်က ထမင်းစားပြီးနောက် ၁၁ နာရီခန့်တွင်  မိသားစုဝင် ၄ ဦးမှာ မှိုအဆိပ်ဖြစ်ပြီး သတိမေ့၊ အော့အန် လာခဲ့ကြသည်ဟု ဆိုသည်။
၄င်းတို့ အမ်းသားစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်များမှာ စားဝတ်နေရေးအခက်အခဲများကြောင့်  ယခုကဲ့သို့ နီးစပ်ရာတွင် ပေါက်ရောက်နေသည့် ဟင်းလျာများကို ရှာဖွေ စားသောက်ကြရကြောင်း အမ်းသားရွာ စစ်ဘေးရှောင် စခန်းမှ ဒေါ်သန်းသန်းမြကပြောသည်။

ဒီလိုပဲရှာကြံစားနေကြရတာ။ သူတို့ မိသားစုကလည်း စားလို့ရတယ်ထင်ရင်စားကြတာပဲ။ ကံကောင်းလို့ ဘာမှမဖြစ်သွားတာပေါ့။ အစ်မကြီးတို့စခန်းမှာ ဆန်မရတာလည်း နှစ်လရှိပြီ။ အတော် အခက်အခဲ ဖြစ်နေကြရတယ်။ကြာရင်ငတ်ကြတော့မယ် ဟုပြောသည်။ 

၄င်းတို့ စစ်ဘေးရှောင်စခန်းတွင် လူဦးရေ ၁ဝဝ ကျော်နေထိုင်လျက်ရှိကြောင်း သူမကဆက်ပြောသည်။

 


 

ဆက်စပ် သတင်းများ