စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ယခုမိုးရာသီတွင် ရခိုင်ရှိ စစ်ဘေးရှောင်စခန်းများ၌ အဆောင်များနှင့် စားနပ်ရိက္ခာများ အရေးတကြီးလိုအပ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဇွန် ၂၀၂၁
  • | ကြည့်ရှုသူ: 7.5k

သျှင်မင်းဇံ၊ ထက်အောင်
နိရဥ္စရာ၊ ဇွန် ၁၀/ ၂၀၂၁
ယခုနှစ် မိုးရာသီတွင် ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများ၌ နေစရာအဆောင်များနှင့် စားနပ်ရိက္ခာများ အရေးတကြီးလိုအပ်လျက်ရှိသည်ဟု စစ်ဘေးရှောင်များနှင့် စခန်း တာဝန်ခံများက ပြောသည်။
မြေပုံမြို့နယ် ကိုင်းကြီးစစ်ဘေးရှောင်စခန်း တာဝန်ခံ ဦးရွှေစိုးက "ကျွန်တော်တို့ စခန်းကို အလှူရှင်တွေ မရောက်တာ (၁) လ ကျော်လောက်ရှိပါပြီ။ အစိုးရက မရောက်တာကတော့ နှစ်နဲ့ချီလို့ ရှိနေပါပြီ။ စခန်းက လူတွေကတော့ ထင်းခုတ်လို့ စားသောက်နေကြတယ်။ မိုးရွာနေတော့ အဆင်မပြေတော့ဘူးလေ။ လူနေအိမ်တွေက မိုးရွာတော့ ဟိုက ယို၊ ဒီက ယိုနဲ့ ထိုင်ကြည့်နေရပါတယ်။" ဟု နိရဥ္စရာသတင်းဌာနကို ပြောသည်။
၄င်းစခန်းသည် ရန်ကုန် - စစ်တွေ ကားလမ်းမကြီးဘေးတွင် တည်ရှိပြီး အိမ်ထောင်စု (၁၁) စုနှင့် လူဦးရေ (၅၈) ဦးခန့် ခိုလှုံလျက်ရှိနေကြသည်။ အတိဒုက္ခရောက်နေသည့် စစ်ဘေးရှောင်များအတွက် အလှူရှင်များနှင့် ပရဟိတအသင်းအဖွဲ့များကို စားနပ်ရိက္ခာများနှင့် အမိုးအကာများ ကူညီထောက်ပ့ံပေးစေလိုကြောင်း စစ်ဘေးရှောင်များက ပြောသည်။
မြောက်ဦးမြို့နယ် စင်းဘောကိုင်းစစ်ဘေးရှောင်စခန်း တာဝန်ခံ ဦးဦးစိုးသိန်းကလည်း "ကျွန်တော်တို့ စခန်းမှာ ဆန်တစ်ခု အရမ်း အခက်အခဲဖြစ်နေပါတယ်။ အမိုးအကာတွေက အိမ်တွေကလည်း ပြုပြင်ဖို့လိုနေပါတယ်။ မိုးရွာရင်တော့ ICRC က ပေးထားတဲ့ တာပေါ်လင်တွေကို ယာယီလုပ်ပြီး နေလို့ရသေးပါတယ်။ အစာမစားဘဲ နေလို့မရပါဘူး။ လူ/ကယ်/ပြန်ကတော့ နှစ်လကြာ သုံးလလောက်မှာ တစ်ခေါက်လောက်ရတယ်။ အခုတော့ မရသေးဘူး။ စားရေးသောက်ရေး အခက်အခဲဖြစ်နေပါတယ်"ဟု ပြောသည်။
မြောက်ဦးမြို့နယ် စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင်ဦးရေ (၄၄၀၀) ကျော်ရှိပြီး ဆေးဝါးများလည်း လိုအပ်နေသည်ဟု စစ်ဘေးရှောင်များက ပြောသည်။
စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းမှ ကိုယ်ဝန် (၆)လ အရွယ်လွယ်ထားရသည့် မပန်စုမွန်က "ကျွန်မတို့ နေတဲ့ အိမ်က မိုးယိုပါတယ်။ စားဖို့ သောက်ဖို့လည်း အခက်အခဲဖြစ်နေပါတယ်။ ကိုယ်ဝန်သည်တစ်ယောက်အနေနဲ့ အခက်ခဲရှိပါတယ်။ ကိုယ်ဝန်ဆောင်တွေအတွက် ဆေးဝါးတွေ နည်းနည်းလိုချင်မိပါတယ်။" ဟု ပြောသည်။
ဘူးသီးတောင်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင်လည်း စားနပ်ရိက္ခာနှင့် မိုးတွင်းကာလရောက်ရှိ လာချိန်နှင့်အမျှ တဲအိမ်များ အိုဟောင်းနွမ်းပါးမှုကြောင့် မိုးရေယိုစိမ့်မှုများဖြစ်နေသည့်အတွက် အမိုးအကာများ အမြန်ဆုံးလိုအပ်နေကြောင်း စစ်ဘေးရှောင်စခန်းတာဝန်ခံများက ပြောသည်။
ဘူးသီးတောင်မြို့နယ် စေတီတောင်ကျေးရွာ စစ်ဘေးရှောင်စခန်တာဝန်ခံနှင့် ကျေးရွာစီအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးကျော်သန်းက “မိုးရာသီရောက်လာပြီး မိုးလည်းရွာလာတော့ စစ်ဘေးရှောင်စခန်းမှာ နေထိုင်စရာ တဲအိမ်တွေ အခက်အခဲရှိတယ်။ အမိုးအကာက စစ်ရှောင်တွေ အကုန်လုံးမှာ လိုအပ်နေတယ်။ အခုလောလောဆယ်တော့ သူတို့မှာ အုန်းတွေ၊ ဝါးတွေနဲ့ မိုးယိုစိမ့်တဲ့ ခေါင်မိုးကို ဖာထေးပြီးနေကြတယ်။ အမိုးအကာက အရင်နှစ်တုန်းက ဒီအချိန်မှာ လာပြီးကူညီကြတယ်။ ဒီနှစ်တော့ တစ်ဖွဲ့မှလည်း လာကူညီပေးတာမရှိသေးဘူး။ အမြန်ဆုံးကူညီပေး ဖို့တောင်းဆိုချင်ပါတယ်။” ဟု ပြောသည်။
အလားတူ ဘူးသီးတောင်မြို့ပေါ် စစ်ဘေးရှောင်စခန်းတစ်ခုဖြစ်သည့် ရန်အောင်မြေ ဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်စခန်းတာဝန်ခံ အရှင်ဣန္ဒာဝံသကလည်း “ စားရေးသောက်ရေးကတော့ ဒီတစ်ပတ်အတောအတွင်းမှာ ဆန်ရိက္ခာ ပြတ်တောက်သွားတယ်။ ဘေး/စီ/မံကလည်း အချိန်အတိုင်းတာပေါ့။ လကုန်ရင်ရောက်ရမှာဖြစ်ပေမဲ့ သတ်မှတ်တဲ့ရက်မှာ မပို့ပေးနိုင်ဖြစ်သွားတယ်။ ဒါကြောင့် စစ်ဘေးရှောင်တွေမှာ ဆန်ရိက္ခာကို ချေးငှားပြီး ဝမ်းရေးပြဿနာကို အဆင်ပြေသလို ဖြေရှင်းနေကြရတယ်။ ” ဟု မိန့်သည်။
ယခုကိစ္စများနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးသန်းထွန်းကို ဆက်သွယ်မေးမြန်းကြည့်ရာ ဘဏ်မှ ငွေထုတ်၍ မရသည့်အတွက် စစ်ဘေးရှောင်များအား စားနပ်ရိက္ခာထောက်ပံ့ရေးပိုင်းတွင် နှောင့်နှေးကြန့်ကြာနေခြင်းဖြစ်သည်ဟု ပြောသည်။
“အခုက ကုန်သည်ကြီးများအသင်းကို အရင်ကဆိုရင် ဆန်တွေယူပြီးရင် နောက်ပိုင်းမှ ငွေရှင်းလည်းရတယ်။ အခုက ကုန်သည်ကြီးများအသင်းကလည်း ငွေကို လက်ငင်းချက်ချင်း ပေးရတဲ့ စနစ်ဖြစ်နေတဲ့အခါ ဘဏ်ကလည်း ငွေထုတ်လို့မရတော့ နည်းနည်းကြန့်ကြာနေတယ်။ သို့ပေမဲ့ ဒီတစ်ပတ်အတွင်း ပြေလည်သွားမှာပါ။” ဟု ပြောသည်။
ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (AA)နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခြင်း မရှိတော့သည့်အတွက် ရခိုင်မှ စစ်ဘေးရှောင်များကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက နေရပ်ပြန်ကြရန် တိုက်တွန်းခဲ့သော်လည်း မြေမြုပ်မိုင်းနှင့် စစ်လက်နက်အကြွင်းအကျန်ပစ္စည်းများပေါက်ကွဲမှုများရှိနေ၍ စစ်ဘေးရှောင်အများစု နေရပ်မပြန်နိုင်သေးပေ။
ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC) ၏စာရင်းအရ နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင် (၁) သိန်းကျော်ခန့်သည် အခက်အခဲအမျိုးမျိုးဖြင့် ဆက်လက်နေထိုင်နေရဆဲဖြစ်သည်ဟု သိရသည်။

ဆက်စပ် သတင်းများ