ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ရခိုင်ရှိစစ်ဘေးရှောင်များအား တစ်ပတ်အတွင်း စားနပ်ရိက္ခာမထောက်ပံ့လျှင် အငတ်ဘေးကျရောက်နိုင်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ သြဂုတ် ၂၀၂၁
  • | ကြည့်ရှုသူ: 666

သျှင်မင်းဇံ

နိ်ရဥ္စရာ၊ သြဂုတ် ၃ /၂၀၂၁

ေရပ်မပြန်နိုင်သေးသည့် ရခိုင်က စစ်ဘေးရှောင်များမှာ လာမည့်တစ်ပတ်အတွင်း စားနပ်ရိက္ခာအထောက်အပံ့များမရရှိလျှင် ကပ်ဘေးကာလ အငတ်ဘေး ဆိုက်ရောက်နိုင်ကြောင်း စစ်ဘေးရှောင်စခန်းတာဝန်ခံများက ပြောသည်။

အခုက ငတ်ဖို့အနေအထားရှိပါတယ်။ ကိုဗစ်ကြောင့်နဲ့အပြင်ထွက် အလုပ်လုပ်ဖို့လည်း မရတော့ဘူး။ အစိုးရဘက်ကလည်း ထောက်ပံ့ပေးတာက ၅ လပိုင်းအထိသာ ရသေးတယ်။ စခန်းထဲမှာရှိတဲ့သူတွေဆီက မရှိတဲ့သူတွေချေးပြီး စားနေရတယ်။ ကြာရင်တော့ ဒီကိုဗစ်ကာလမှာ အငတ်ဘေးကြုံတွေ့နိုင်ပါတယ်ဟု စစ်တွေမြို့ ငါးစင်ရိုင်းချောင်းကျောင်း စစ်ဘေးရှောင်စခန်းတာဝန်ခံ ကိုမင်းကျော်ဝေက ပြောသည်။

အဆိုပါစခန်းတွင် စစ်ဘေးရှောင်ဦးရေ ၁၆ဝ ကျော်နေထိုင်လျက်ရှိသည်ဟုလည်း ပြောသည်။

ရခိုင်မှ စစ်ဘေးရှောင်စခန်းများထဲတွင် လူဦးရေအများဆုံးစခန်းတစ်ခုဖြစ်သည့် ကျောက်တော်မြို့နယ် ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင်လည်း ဆန်ရိက္ခာတစ်ခုတည်း ထောက်ပံ့ပေးနေသည့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနထံမှ ပုံမှန်ထောက်ပံ့မှုမရရှိသည့်အတွက် စားရေးသောက်ရေးအခက်အခဲဖြစ်နေကြောင်း စခန်းတာဝန်ခံ ဦးခိုင်မျိုးအောင်က ပြောသည်။

အစိုးရဘက်က ပေးတာက နောက်ကျမှရောက်တာ။ သူတို့က လကုန်ရင် ပေးတာမဟုတ်ဘူး။ သူတို့ပေးတဲ့နေ့က စလို့ တစ်လစာ ပေးတာ။ တစ်လပြည့်သော်လည်း နောက်တစ်လအတွက် လာမပေးဘူးလေ။ စခန်းက သူတွေက ကြိုပြီး ချေးငှားစားထားတော့ သူတို့ဆီက ရတာနဲ့ ပြန်ဆပ်ကြတယ်။ တစ်လနဲ့တစ်လစာကို လိုက်မမီဖြစ်နေကြတယ်ဟု ပြောသည်။

ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင်ဦးရေပေါင်း ၃ ထောင်ကျော်အထိရှိနေသည်ဟုလည်း သိရသည်။

လက်ရှိတွင် အဆိုပါစစ်ဘေးရှောင်များအနေဖြင့် ရွာထဲရှိဆန်စက်များထံမှ ချေးငှားပြီး စားသောက်နေရသည့်အတွက် တစ်ပတ်အတွင်း အလှူရှင်များ မရောက်လျှင် စားရေးသောက်ရေး အခက်အခဲတွေ့နိုင်ကြောင်း ဦးခိုင်မျိုးအောင်က ဆက်ပြောသည်။

အလားတူ ကျောက်တော်မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းများနှင့် မြို့နယ်တွင်းရှိစခန်းများဖြစ်သော ကန်စောက်စစ်ဘေးရှောင်စခန်း၊ ဝါးတောင်စစ်ဘေးရှောင်စခန်းနှင့် တောင်မင်းကုလားစစ်ဘေးရှောင်စခန်းတို့တွင်လည်း ကမ႓ာ့စားနပ်ရိက္ခာများအဖွဲ့ (WFP)က ပုံမှန်ထောက်ပံ့ပေနေသည့် ရိက္ခာများမရောက်ရှိသည်မှာ (၂)လခန့်ရှိပြီဖြစ်၍ စားရေးသောက်ရေး အလွန်တရာခက်ခဲနေသည်ဟု တောင်မင်းကုလားစစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးအောင်ကျော်ဝင်းက ပြောသည်။

"WFP တာဝန်ရှိသူတွေဆီ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းတဲ့အခါ လာခွင့်မရရှိတဲ့အကြောင်း ဖြေပါတယ်။ နိုင်ငံတော်က လာခွင့်မပေးလို့လား၊ သို့တည်းမဟုတ် လုံးဝ မလာတော့တာလားဆိုစော်ကို အထက်တာဝန်ရှိပုဂ္ဂိုလ်တွေဆီကနေ သိချင်ပါတယ်။ အခုအချိန်မှာ Covid - 19 ကာလ အပြင်လည်းမထွက်ရ၊ အနီးအနားကျေးရွာတွေမှာလည်း လော့ဒေါင်းချထားတာတွေနဲ့ဆိုတော့ အရမ်းအခက်အခဲဖြစ်နေရပါတယ်။"ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်းရှိ UN အဖွဲ့အပါအဝင် INGO/NGO များအနေဖြင့် ကိုဗစ်ကာလအတွင်း စားနပ်ရိက္ခာ ထောက်ပံ့ခြင်းလုပ်ငန်း၊ Covid-19 ရောဂါကာကွယ်ရေးပစ္စည်းများထောက်ပံ့ခြင်းလုပ်ငန်း၊ မဖြစ်မနေဆောင်ရွက်ရမည့်ကျန်းမာရေးလုပ်ငန်းနှင့် ရေနှင့်မိလ္လာရေဆိုးစနစ်ဆောင်ရွက်ခြင်းလုပ်ငန်း စသည့်လုပ်ငန်း(၄)ခုကိုသာ ဆောင်ရွက်ရန် ယခင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ (ယခု ရခိုင်ပြည်နယ်အစိုးရအဖွဲ့)က ဇူလိုင်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စစ်ဘေးရှောင်ဦးရေ ၃၀၀ ကျော်ရှိသည့် ဘူးသီးတောင်မြို့ လမ်းမကျောင်းစစ်ဘေးရှောင်စခန်းတွင်လည်း စခန်းတစ်ခုလုံး စားဝတ်နေရေးအခက်အခဲဖြစ်နေပြီး အကူညီလိုအပ်နေကြောင်း စခန်းတာဝန်ခံ ဦးဦးကျော်ဝင်းက ပြောသည်။

လူကယ်ပြန်က ပေးနေတာလည်း ပုံမှန်မရဘူး။ တခြား NGO တွေကလည်း ခွင့်ပြုချက်ရမှ ဝင်ရမှာဆိုတော့ နည်းပါတယ်။ ကိုဗစ်ကာလဖြစ်လို့ အပြင်ထွက် အလုပ်လုပ်လို့လည်း မရဘူး။ စားရေးသောက်ရေးအခက်အခဲဖြစ်နေတယ်။ဟု ပြောသည်။

စစ်ဘေးရှောင်များအား ရိက္ခာပြတ်တောက်နေခြင်းနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းက " စစ်ဘေးရှောင်စခန်းတွေမှာ ရိက္ခာပြတ်နေတာတော့ ဟုတ်ပါတယ်။ ဒီကတော့ ဘေးစီမံကပေါ့။ သူတို့မှာ ဘဏ်က ငွေထုတ်ရတဲ့ ပြဿနာရှိတယ်။ နောက်ပြီးတော့ ဆန်ကုန်သည်တွေဆီကလည်း အခု အကြွေးဝယ်လို့ မရတော့ဘူး။ အဲကြောင့် ရိက္ခာဖြန့်ဝေတာတွေ အခက်အခဲရှိပါတယ်" ဟုပြောသည်။

စစ်ဘေးရှောင်များအတွက် ယခင်က အစိုးရက ထောက်ပံ့ပေးခြင်းမှာ လုံလောက်မှုမရှိသည့်အတွက် ပြည်တွင်းပြည်ပ အလှူရှင်များကို အားကိုးပြီးနေခဲ့ရသော်လည်း ယခု ကိုဗစ်ကာလတွင် ပြည်တွင်းပြည်ပ အလှူရှင်များအနေဖြင့် ရခိုင်ပြည်နယ်အတွင်း အောက်ဆီဂျင်အခက်အခဲများအတွက် လှူဒါန်းနေရ၍ စစ်ဘေးရှောင်များ ပိုပြီး အကျပ်အတည်းဖြစ်သွားရခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်များအရေး ကူညီဆောင်ရွက်ပေးနေသည့် ကိုအမ်းသားကြီးက ပြောသည်။

အရင်ကနေ အစိုးရထောက်ပံ့မှုတွေက လုံလောက်မှုမရှိခဲ့ပါဘူး။ အခုက ကိုဗစ်ကြောင့် အလုပ်အကိုင်တွေကလည်း မရှိ၊ စားနပ်ရိက္ခာပြတ်တယ်ဆိုတော့ သူတို့တွေအတွက် ဒုက္ခဆိုတာကို ဘယ်လိုစကားလုံးနဲ့ ပြောရလောက်အောင် ဒုက္ခကျနေပါပြီပြောသည်။

ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်ဦးရေ (၂) သိန်းနီးပါးခန့်ရှိကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC)၏စာရင်းများတွင် ဖော်ပြသည်။

ရခိုင်တွင် ရက္ခိုင့်တပ်တော် (AA)နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည်မှာ (၉)လခန့်ကြာမြင့်နေပြီဖြစ်သော်လည်း စစ်ဘေးရှောင်အများစုမှာ မိုင်းနှင့် စစ်လက်နက်အကြွင်းအကျန်ပစ္စည်းများအန္တရာယ်ကို စိုးရိမ်၍ မူလနေထိုင်ခဲ့ရာ ကျေးရွာများသို့ မပြန်နိုင်ဘဲ ဖြစ်နေကြရခြင်းဖြစ်သည်။

ဆက်စပ် သတင်းများ