ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ရွာမီးရှို့ခံခဲ့သည့် တင်းမရွာသားများနေရပ်ပြန်နိုင်ရေး ကြိုတင်ဆောင်ရွက်ပေးရန် ပြည်နယ်အစိုးရထံ တတိယအကြိမ်တောင်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 3.3k

သဥ္ဇာနွယ်
နိရဥ္စရာ၊ စက်တင်ဘာ ၃/ ၂၀၂၁
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ တိုက်ပွဲကာလအတွင်းဖျက်ဆီးခံလိုက်ရသော တင်းမကျေးရွာမှ ရွာသားများအနေဖြင့် နေရပ်သို့ပြန်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ပေးရန် ပြည်နယ်အစိုးရနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့ထံ တောင်းဆိုလိုက်သည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးချုပ်နှင့်တကွ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့ထံ ယမန်နေ့ စက်တင်ဘာ ၂ ရက်တွင် တင်းမရွာပြန်လည်ထူထောင်ရေးကော်မတီက စာရေးသားတောင်းဆိုလိုက်ခြင်းဖြစ်သည်။
တင်းမရွာပြန်လည်ထူထောင်ရေးကော်မတီနာယက တင်းမဆရာတော် ဦးဝါယာမိန္ဒက “ဆရာတော်တို့ အခုလိုတောင်းဆိုတာ အခုဆို ၃ ကြိမ်ရှိပြီ။ ပထမဆုံး ၂ ကြိမ်တင်တုန်းကတော့ ဇွန်လလောက်က ဗိုလ်မှူးကြီးတစ်ယောက်အပါအဝင် ရဲ၊ လဝက၊ အုပ်ချုပ်ရေးမှူးတွေက မိသားစု တစ်စုကို ပိုက်ဆံ ၅ သိန်းနဲ့ ဆန်၊ စားနပ်ရိက္ခာထောက်ပံ့ပေးမယ်လို့ပြောတယ်။ ရွာက ပျက်စီးသွားတဲ့အိမ်တွေ တစ်ချို့အိမ်တွေ ခြုံတွေတက်နေပြီ။ အဲ့ဒါတွေကိုလည်းတောင်းဆိုထားတယ်။ အရင် ၂ ကြိမ်တောင်းဆိုထားပေမဲ့ ခုထိ မပြန်ကြရသေးတာကိုတော့ စိတ်မကောင်းနည်းနည်းတော့ဖြစ်မိတယ်”ဟု ဆရာတော်က မိန့်သည်။
ယခုတောင်းဆိုချက်တွင် နှစ်ဖက်တိုက်ပွဲများဖြစ်ပွားမှုမရှိဘဲ တည်ငြိမ်အေးချမ်းနေပြီဖြစ်သောကြောင့် မီးလောင်ဆုံးရှှုံးသည့်အိမ်များအား ပြန်လည်ဆောက်နိုင်ရန်ကြိုတင်ပြင်ဆင်သည့်အနေဖြင့်လည်းကောင်း၊ မီးမလောင်ဘဲကျန်ခဲ့သည့် အိမ်များတွင်လည်း ခြုံနွယ်ပေါင်းများထူထပ်နေသည့်အတွက် ထပ်မံ၍ဆုံးရှှုံးမှု မဖြစ်အောင် မီးဘေးအန္တရာယ်မှ ကင်းလွတ်နိုင်ရေး ကြိုတင်ကာကွယ်သည့်အနေဖြင့်လည်းကောင်း၊ ရွာသူ/ရွာသားများ၏ဆန္ဒအရ ဒုက္ခသည်စခန်းမှ အလှည့်ကျစနစ်ဖြင့်ထုတ်နှုတ်၍ ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဖော်ပြထားသည်။
ယင်းသို့ဆောင်ရွက်ရာတွင် အောက်တိုဘာလ ၂၂ ရက်မှစ၍ စက်လှေဖြင့်အလှည်ကျသွားရောက်ခြင်း၊ တင်းမရွာ ဘုန်းကြီးကျောင်းတွင်စုပေါင်းအခြေကျ နေထိုင်ခြင်းနှင့် ခြုံနွယ်၊ ပေါင်းများ တစ်ရွာလုံး ရှင်းအောင်ဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်သွားမည်ဖြစ်၍ သက်ဆိုင်ရာအနေဖြင့် ညွှန်ကြားပေးရန်လည်း တောင်းဆိုထားသည်။
အဆိုပါတောင်းဆိုချက်များနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရဖွဲ့မှ သယံဇာတရေးရာဝန်ကြီးဦးသန်းထွန်းက တင်းမရွာကို ပြန်လည်တည်ဆောက်ပေးနိုင်ရန် အရင်ဆုံးမိုင်းရှင်းလင်းပေးရမည်ဖြစ်ပြီး ပွင့်လင်းရာသီမှသာ တည်ဆောက်ပေးနိုင်မည်ဟု ဆိုသည်။
“ဖားပြို၊ လက္ကာရွာပြီးသွားရင် တင်းမကို တည်ဆောက်ဖို့အတွက်စီစဉ်နေတယ်။ မတည်ဆောက်ခင် မိုင်း အရင်ရှင်းဖို့လိုတယ်။ မိုင်းတွေရှင်းလို့ ပွင့်လင်းရာသီရောက်မှ ရမယ်။ မိုးကများ၊ ကိုဗစ်ကာလဖြစ်နေတဲ့အတွက် နည်းနည်းကြန့်ကြာနေတယ်။ တင်းမရွာတည်ဆောက်ဖို့ ငွေတွေကုန်မယ်ဆိုတော့ ဘဏ်တွေကလည်း မဖွင့်သေးတာကြောင့် ကြန့်ကြာနေတယ်။”ဟု ပြောသည်။
တင်းမရွာသားများ နေရပ်အမြန်ဆုံးပြန်နိုင်ရေး အစိုးရအနေဖြင့် အမြန်ဆုံးဆောင်ရွက်ပေးရန် တင်းမရွာသားများက ပြီးခဲ့သည့် ဧပြီလ ၂၆ ရက်နှင့် မေလ ၁ဝ ရက်လည်း (၂)ကြိမ်တိုင်တိုင် တင်ပြတောင်းဆိုခဲ့ပြီးဖြစ်သည်။
တင်းမကျေးရွာအနီး ပြီးခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ်၊ မတ်လအတွင်း တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့မှုကြောင့် ရွာသားများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
ရွာသားများထွက်ပြေးနေကြစဉ် တင်းမကျေးရွာရှိ နေအိမ် ၅၈၅ လုံးအနက် ၁၃၂ လုံးမီးရှှို့ခံခဲ့ရပြီး တစ်စိတ်တစ်ပိုင်း ပျက်စီးသွားတဲ့နေအိမ် ၉၃ လုံးရှိခဲ့သည်။
လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဘုန်းတော်ကြီးကျောင်း၊ စေတီပုထိုး၊ သိမ်၊ ဓမ္မာရုံများလည်း ပျက်စီးသွားခဲ့သည်ဟု ရွာသားများက ပြောသည်။
လက်ရှိတွင် ဘေးလွတ်ရာသို့တိမ်းရှောင်နေရသည့် တင်းမရွာသားများသည် ကျောက်တော်မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းများတွင် ဝင်ရောက်ခိုလှုံနေရသည်ဟု သိရသည်။
ဓာတ်ပုံ - တင်းမဆရာတော်

ဆက်စပ် သတင်းများ