သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

မြောက်ဦး စင်းဘောကိုင်းစခန်းက စစ်ဘေးရှောင်တစ်ဦး ကြိမ်ကုလားထိုင်များကို ကိုယ်တိုင်ရက်လုပ်ရောင်းချ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 9.2k

သန္တာကျော်ဇော
နိရဥ္စရာ၊ စက်တင်ဘာ ၁၀/၂၀၂၁
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်၊ စင်းဘောကိုင်း စစ်ဘေးရှောင်စခန်းတွင် နေထိုင်လျက်ရှိသော စစ်ဘေးရှောင်ဦးစိုးစိန်သည် ကြိမ်ထည်ပစ္စည်းများကို ကုလားထိုင်များအဖြစ် ကိုယ်တိုင်ရက်လုပ်ရောင်းချနေကြောင်း သိရသည်။
အသက် ၆ဝ ကျော်အရွယ်ရှိပြီဖြစ်သည့် ဦးစိုးစိန်သည် မိမိတတ်ကျွမ်းသော လက်မှုပညာဖြင့် ကြိမ်ထည်ပစ္စည်းများကို ကြိမ်ကုလားထိုင်များအဖြစ် ပြီးခဲ့သည့်သြဂုတ်လအတွင်းမှစတင်ကာ ကိုယ်တိုင်ရက်လုပ်ရောင်းချနေခြင်းဖြစ်သည်။
အရင်းအနှီးအများအပြားလည်း မတတ်နိုင်သဖြင့် အနည်းအကျဉ်းသာ ရက်လုပ်ရောင်းချနေရသည်ဟုလည်း ဦးစိုးစိန်က ဆိုသည်။
"အခုအချိန်မှာ နိုင်ငံရေးကလည်း မကောင်းတော့ အများကြီးလည်း မရင်းနှီးရဲသေးဘူး။ ကုန်ကြမ်းပစ္စည်းဝယ်ရတာတွေကတော့ အခက်အခဲရှိတယ်။ စစ်ဘေးရှောင်စခန်းကနေ ချောင်းဖျားအထိ သွားပြီးဝယ်ရတဲ့အခါ နိုင်ငံရေးလည်းမကောင်းတော့ အများကြီးမဝယ်ထားနိုင်ဘူး။ ရောင်းချရတာတော့ လောလောဆယ်အဆင်ပြေတယ်"ဟု ပြောသည်။
သူသည် ကြိမ်လားထိုင်၊ ကြိမ်ထိုင်ခုံ၊ ကြိမ်အိပ်ကုတင်နှင့် ကြိမ်စားပွဲ အစရှိသော ကြိမ်နှင့်ရက်လုပ်နိုင်သမျှအသုံးအဆောင်ပစ္စည်းများကို ဝယ်ယူသူစိတ်တိုင်းကျ ရက်လုပ်နိုင်သည်ဟုလည်း သိရသည်။
"ပွင့်လင်းရာသီမဟုတ်တဲ့အတွက် ကုန်ကြမ်းရှားလို့ ကြိမ်ကုလားထိုင်လောက်ပဲ လက်ရှိမှာ လုပ်နိုင်သေးတယ်။ တခြားဟာတွေတော့ မလုပ်နိုင်သေးဘူး"ဟု ပြောသည်။
လက်ရှိအချိန်တွင် သူ၏ကြိမ်ထည်ပစ္စည်းများကို စစ်တွေအပါအဝင် မြောက်ဦးနှင့် မင်းပြားတို့တွင် ရောင်းချေနေပြီး ကြိမ်ကုလားထိုင်တစ်လုံးလျှင် ကျပ် ၇ သောင်း၊ ကြိမ်ထိုင်ခုံငယ်တစ်လုံးလျှင် ကျပ် ၃ သောင်းခွဲအထိ ရောင်းချနေသည်ဟုလည်း ဆိုသည်။
ဦးစိုးစိန်သည် မြောက်ဦးမြို့နယ် လေးမြို့ချောင်းဒေသမှ စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းတွင် မိသားစုနှင့်အတူ လာရောက်ခိုလှုံနေသူဖြစ်သည်။
ကြိမ်ရက်လက်မှုလုပ်ငန်းကို အသက် ၂၃ နှစ်အရွယ်ကတည်းက တတ်ကျွမ်းလုပ်ကိုင်ခြင်းနေခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိလည်း ကျွမ်းကျင်စွာလုပ်ကိုင်နေခြင်းလည်းဖြစ်သည်။
ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ ဒါရိုက်တာ ဦးခိုင်ကောင်းစံက “အခုလိုမျိုး ကိုယ်တတ်တဲ့ပညာကို အသုံးချပြီးလုပ်ကိုင်နေတာကောင်းတဲ့လုပ်ရပ်ပါ။ အခုလိုမျိုးထပ်ပြီးတော့ ပညာတွေထပ်ဆင့်သင်ပြပေးနိုင်ပြီး နောက်ထပ်လူတွေလည်း တတ်မြောက်ပြီး လုပ်ကိုင်နိုင်လာအောင်လည်း အစိုးရနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း အရင်းအနှီးအထောက်အပံ့တွေ လုပ်ပေးသင့်တယ်။ နောက် စစ်ရှောင်စခန်းကလူတွေလည်း ကိုယ်တတ်တဲ့ လက်မှုပညာတွေကို ဒီလိုမျိုးအသုံးချပြီး လုပ်ကိုင်လာနိုင်ရင် ပိုကောင်းမယ်။”ဟု နိရဥ္စရာကို ပြောသည်။
အမ်းမြို့ရှိ ပဲပဒုံစစ်ဘေးရှောင်စခန်းတွင်လည်း ယခင်နှစ်က ဝါးနှင့်ရက်လုပ်သည့် အမှိုက်ထည့်ခြင်းတောင်းကလေးများကို စစ်ဘေးရှောင်တစ်ဦးက ရက်လုပ်ရောင်းချခဲ့ရာ သယ်ယူပို့ဆောင်ရေးအခက်အခဲကြောင့် ယခုတွင် ရပ်နားထားရကြောင်း စခန်းတာဝန်ခံ ကိုသန်းချိုက ပြောသည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှ ၂ဝ၂ဝ ပြည့်နှစ် နှစ်ကုန်ပိုင်းအထိ ရက္ခိုင့်တပ်တော်နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့သဖြင့် လက်ရှိတွင် စစ်ဘေးရှောင် ၆ သောင်းကျော်မှာ အလုပ်အကိုင်မဲ့နေပြီး နေရပ်မပြန်နိုင်သေးဘဲ စစ်ဘေးရှောင်စခန်းများတွင် နေထိုင်နေရဆဲဟု သိရသည်။


ဆက်စပ် သတင်းများ