ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ကုန်စျေးနှုန်းမြင့်တက်လာ၍ ရခိုင်စစ်ဘေးရှောင်များ စားရေးသောက်ရေးခက်ခဲလာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 9.8k

ချစ်အိလှိုင်

နိရဥ္စရာ၊ စက်တင်ဘာ ၁၄/ ၂ဝ၂၁

ကိုဗစ်ကပ်ရောဂါနှင့် နိုင်ငံရေး မတည်ငြိမ်မှုကြောင့် ကုန်စည်စီးဆင်းမှု နှေးကွေးနေရာမှ ရခိုင်တွင် အခြေခံစားသောက်ကုန်စည်များစျေးနှုန်းမြင့်တက်လာ၍ စစ်ဘေးရှောင်များ စားရေး၊ သောက်ရေး အခက်အခဲဖြစ်လာနေကြောင်း သတင်းရရှိသည်။

စာရေးသောက်ရေး ခက်ခဲလာရာမှ လူကယ်ပြန်နှင့် အန်ဂျီအိုများအပါအဝင် စေတနာရှင်များ လစဉ်ထောက်ပံ့ပေးသည့် ဝေစုဆန်အချို့အား အခြားအသုံးအဆောင်ပစ္စည်းများ ဝယ်ယူရန် ရောင်းချသုံးစွဲရကြောင်း ကျောက်တော်မြို့ တောင်မင်းကုလားစစ်ဘေးရှောင်စခန်းမှ အမျိုးသမီးနှင့် ကလေးစောင့်ရှောက်ရေးတာဝန်ခံ ဒေါ်မအေးခင်းက ပြောသည်။

နေမကောင်းရင်တောင် အားရှိတဲ့အစားအစာလို့လည်း ဝယ်မစားနိုင်ကြဘူး။ ထမင်းကို အသီးအရွက်လေးတွေနဲ့ ချက်ပြုတ်စားသောက်နေကြရတယ်။ အပြင်မှာထွက်လုပ်ကြတဲ့ အလုပ်ကလည်း ကိုဗစ်နဲ့ မလုပ်ကြရတော့ဘူး။ စားသောက်ကုန်တွေစျေးကြီးတာကို။ ကြက်ဥ တစ်ထောင်ဖိုး အရင်က ၇ လုံးရတယ်။ အခု ၅ လုံးပဲ။ ၅ဝဝ ဖိုးကို ၂ လုံးရတယ်။ ဘယ်လိုစားကြမလဲ။ အကုန်စျေးတက်နေတာပါဟုပြောသည်။

သူမတို့စစ်ဘေးရှောင်စခန်းအား ထောက်ပံ့နေသည့် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP)က လူတစ်ဦးလျှင် ငွေ ၁၅,ဝဝဝ ကျပ် ယခင်က ထောက်ပံ့ခဲ့သော်လည်း မရရှိသည်မှာ ဇူလိုင်မှ ယခု စက်တင်ဘာအထိ ၃ လခန့်ရှိပြီဖြစ်ကြောင်း၊ လက်ရှိတွင် လူကယ်ပြန်က ထောက်ပံ့သည့် လူတစ်ဦးလျှင် တစ်နေ့ဆန် နို့ဆီဗူးခွံ ၂ လုံးရရှိကြောင်း သူမကဆက်ပြောသည်။

၄င်းအပြင် စားသောက်ကုန်စျေးနှုန်းများမြင့်တက်လာသည့်အတွက် ရသေ့တောင်မြို့နယ် စေတီပြင်စစ်ဘေးရှောင်စခန်းနှင့် ဘူးသီးတောင်မြို့နယ် လမ်းမကျောင်း စစ်ဘေးရှောင် စခန်းတို့မှာလည်း နေ့စဉ်စားရေးသောက်ရေး အခက်အခဲရှိလာနေကြောင်း စစ်ဘေးရှောင်များက နိရဥ္စရာအားပြောသည်။

ဘူးသီးတောင်မြို့နယ်၊ လမ်းမကျောင်းစစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးဦးကျော်ဝင်းက ကျွန်တော်တို့ကို ဒီလူကယ်ပြန်ကပေးတဲ့ ဆန်တစ်ခုတည်းနဲ့ ထမင်စားလို့မရဘူး။ တခြားလိုအပ်တဲ့ အသားငါးတွေ၊ အဝတ်အထည်တွေအတွက် လိုအပ်တဲ့ငွေအတွက် ရတဲ့ဆန်တချို့ကိုရောင်းလို့ရတဲ့ငွေနဲ့ ဝယ်ယူသုံးစွဲရတာဆိုတော့ အခက်အခဲအတော်ဖြစ်ပါတယ်။ ကုန်စျေးနှုန်းကလည်း အရင်ကထက် တက်လာတယ်။ ကျွန်တော်တို့ရတဲ့ ဆန်တစ်အိတ်ကို အပြင်မှာရောင်းရင် ၂ သောင်းကျော်ပဲရတယ်ဟုပြောသည်။

၄င်းတို့စစ်ဘေးရှောင်စခန်းကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)ကလည်း ဆန်၊ ဆီ၊ ပဲ၊ ဆားနှင့် လူသုံးကုန်ပစ္စည်းအချို့ရရှိကြောင်း၊ သို့ရာတွင် ကိုဗစ်ကြောင့် အလုပ်လက်မဲ့ ဖြစ်လာကြသည့်အတွက် အခြားအခြေခံစားသောက်ကုန်နှင့် နေ့စဉ်လူသုံးကုန်ပစ္စည်းများ ဝယ်ယူရန် ရရှိလာသည့် ဆန်များအား လဲလှယ်ရောင်းချ စားသောက်နေရကြောင်း လမ်းမကျောင်း စစ်ဘေးရှောင်စခန်းမှ သားသမီး(၃) ဦး၏ မိခင်ဖြစ်သူ ဒေါ်နွယ်နွယ်ဦးက ပြောသည်။

“ICRC ကရတဲ့ပစ္စည်းတွေကို တစ်ခါတည်း ရောင်းပြီးပြန်လာရတာပေါ့။ ကိုဗစ်ကြောင့် ဟင်းချိုမှုန့်တစ်ထုပ်ကို ၂ ထောင်ကျော်ကနေ ၄ ထောင်ကျော်ဖြစ်သွားပြီ။ ကြက်ဥကလည်း အရင်တစ်ထောင်ဖိုး ၈ လုံးရတာ အခု ၆ လုံးဖြစ်သွားပြီ။ ICRC ကရရင် ပြန်ဆပ်မယ်ဆိုပြီး ဝယ်စားထားတဲ့ဟာတွေကို ICRC ကရတာနဲ့ ပေးပစ်ခဲ့ရတာပေါ့။ ပြန်လာရင် ပစ္စည်းနည်းနည်းနဲ့ ပြန်လာရတာပါပဲဟုပြောသည်။

ရသေ့တောင်မြို့နယ် ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ခင်စောဝေက ကုန်စျေးနှုန်းတက်နေမှုကို လက်ရှိအစိုးရက ထိန်းချုပ်ရန် တာဝန်အရှိဆုံးဟု ပြောသည်။

ကုန်စျေးနှုန်းတွေတက်လာတဲ့အတွက် စစ်ဘေးရှောင်တွေအတွက် အရမ်းအခက်အခဲဖြစ်နေတာပါ။ ဒီကုန်စျေးနှုန်းတွေကို ထိန်းချုပ်ဖို့ နိုင်ငံတော်ကိုတာဝန်ယူရတဲ့ ဒီအိမ်စောင့်အစိုးရကတော့ အများကြီးတာဝန်ရှိတယ်လို့မြင်တယ်။ အဲဒီတော့ သူတို့က ဒီကုန်စျေးနှုန်းတွေကိုထိန်းချုပ်ဖို့ အများကြီးတာဝန်ရှိတယ်လို့မြင်ပါတယ်ရှင့်ဟုပြောသည်။

ရခိုင်တွင် လက်ရှိအချိန်အထိ စစ်ဘေးရှောင် ၆ သောင်းကျော်ရှိနေသေးသည်ဟုလည်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC)၏စာရင်းအရ သိရသည်။

စစ်တွေမြို့တွင် စားအုန်းဆီ ၁ဝ ပိဿာတစ်ဘူးကို ယခင်က ၃ဝ,ဝဝဝ ကျပ်မှ ယခု ကျပ် ၄ဝ,ဝဝဝ ကျော်၊ ကြာဇံ ၅ ပိဿာကို ယခင်က ကျပ် ၂၁,ဝဝဝ မှ ယခု ကျပ် ၂၄,ဝဝဝ ကျပ်၊ ပဲတစ်ပိဿာကို ယခင်က ၃,ဝဝဝ ကျပ်မှ ယခု ၃,၂ဝဝ ကျပ်နှင့် ကွမ်းသီးတစ်ပိဿာကို ယခင်က ရဝဝဝကျပ်မှ ယခု ၁၃,ဝဝဝ ကျပ် စသဖြင့် ကုန်ပစ္စည်းအများအပြား စျေးတက်နေကြောင်း စစ်တွေမြို့မစျေးကြီးမှ သိရသည်။

လက်ရှိတွင် ရန်ကုန်မြို့အပါအဝင် အခြားမြို့ကြီးအများအပြား၌ နိုင်ငံရေးမတည်ငြိမ်မှုများဖြစ်ပေါ်လာပြီးနောက်ပိုင်း အခြေခံစားသောက်ကုန်များအပါအဝင် လူသုံးကုန်ပစ္စည်းများ စျေးနှုန်းမြင့်တက်နေသလို ရွှေစျေးနှင့် ဒေါ်လာစျေးများမှာလည်း စံချိန်တင်မြင့်တက်လျက်ရှိကြောင်း သိရသည်။

ဆက်စပ် သတင်းများ