စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ကျောက်တော်မြို့နယ် တောင်မင်းကုလားစစ်ဘေးရှောင်စခန်းမှ လူ၉ ဦးအနံ့မရဖြစ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 1.9k

ချစ်အိလှိုင်

နိရဥ္စရာ၊ စက်တင်ဘာ ၁၆/ ၂ဝ၂၁

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် တောင်မင်းကုလား စစ်ဘေးရှောင်စခန်းမှ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၇ ဦး စုစုပေါင်း ၉ ဦးသည် အနံ့မရဖြစ်နေသည့်အတွက် စိုးရိမ်နေရကြောင်း တောင်မင်း ကုလားစစ်ဘေးရှောင်စခန်းမှ အမျိုးသမီးနှင့် ကလေးငယ်တာဝန်ခံ ဒေါ် မအေးအေးခိုင်ကပြောသည်။

၄င်းတို့သည် ဖျားနာလာပြီးနောက် အနံ့မရဖြစ်လာကြခြင်းဖြစ်ပြီး  တစ်ဦးနှစ်ဦးမှစ၍ ၉ ဦးအထိကူးစက်မှုရှိလာသည်ဟု သူမက ပြောသည်။

ကျွန်မကတော့ စခန်မှာသောက်ဆေးတွေဘာတွေရောင်းပေးတာလည်း လုပ်ပါတယ်။ အနံ့မရလို့ဆိုပြီး အရင်လထဲမှာ ဆေးလာဝယ်တဲ့သူ သုံးလေးယောက်ရှိတယ်။ အခုကျွန်မကိုယ်တိုင်အနံ့မရဖြစ်လာတယ်။ လက်ရှိ အခုပြောတဲ့ ကိုးယောက်လည်း အနံ့မရကြဘူး။ ကျန်းမာရေးဝန်ထမ်းတွေကိုပြောတော့ ကျောက်တော်ဆေးရုံကိုသွားဖို့ပြောတယ်။ ကျွန်မတို့မှာ လမ်းစရိတ်မတတ်နိုင်ဘူးဟုပြောသည်။

စခန်းတာဝန်ရှိသူများအနေဖြင့် ကျန်းမာရေးဌာနကို အကြောင်းကြားလာလျှင် စခန်းလော့ဒေါင်းချခံရမည်ကိုစိုးရိသည့်အတွက် မပြောဘဲနေခဲ့ရာ ယခုအခါ အခြေအနေဆိုးလာ၍ ဖွင့်ပြောရခြင်းဖြစ်သည်ဟု ဆိုသည်။

ဒီကိစ္စကို မီဒီယာကိုပြောသင့်မပြောပြသင့် ကျွန်မတို့ အတော်စဉ်းစားရပါတယ်။ ဒါပေမဲ့ အခုမပြောလို့မဖြစ်တော့ဘူး။ ဒီထက်ကူးစက်လာရင် မကောင်းဘူးဆိုပြီး ပြောရတာပါ။ နေမကောင်းတဲ့လူတွေမှာလည်း အာဟာရပြည့်အောင်စားဖို့ အခက်အခဲလည်းရှိတယ်ဟု ဒေါ်မအေးခိုင်က ပြောသည်။

ကျောက်တော်မြို့နယ်ဆရာဝန်ကြီးဒေါက်တာသန်းထွန်းဦးက တောင်မင်းကုလားစစ်ဘေးရှောင်စခန်းတွင် အနံ့မရသူ ၇ ဦးခန့်ရှိသည်ကို ကျန်းမာရေးဝန်ထမ်းမှ အကြောင်းကြားလာကြောင်း ပြောသည်။

အခုတော့ စုံစမ်းခိုင်းထားတယ်။ အတည်ပြုပြီးမှ case များလား၊ မများလားဆိုတာ စုံစမ်းပြီး ဆက်လက်ဆောင်ရွက်ရမယ်ဟုပြောသည်။

တောင်မင်းကုလားစစ်ဘေးရှောင်စခန်းတွင် လူဦးရေ ၅၂၇ ဦးနှင့် အိမ်ထောင်စု ၉၅ စုရှိကြောင်း သိရသည်။

လက်ရှိတွင် ကိုဗစ်ကာလဖြစ်သဖြင့် အဆိုပါစခန်းအတွင်း အလုပ်အကိုင်ထွက်လုပ်ကြသူများမှာလည်း အလုပ်လက်မဲ့ဖြစ်သွားကြရာ စားသောက်နေထိုင်ရေး ခက်ခဲလာနေကြောင်း သိရသည်။

ဓာတ်ပုံ - တောင်မင်းကုလားစစ်ဘေးရှောင်စခန်းအားတွေ့ရစဉ်။

ဆက်စပ် သတင်းများ