အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

စစ်ဘေးရှောင်စခန်းရောက် တင်းမကျေးရွာသားများ ခွင့်ပြုချက်မရ၍ နေရပ်ပြန်ရေးခက်ခဲနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 5.9k

အေးမြတ်ခိုင်

နိရဥ္စရာ၊ အောက်တိုဘာ ၂၇/၂၀၂၁

စစ်ဘေးရှောင်စခန်းများသို့ ရောက်ရှိနေသည့် ကျောက်တော်မြို့နယ် တင်းမကျေးရွာသား သုံးထောင်ကျော်ခန့်မှာ တိုက်ပွဲများ မရှိတော့၍ မိမိရပ်ရွာသို့ ပြန်လိုသော်လည်း ခွင့်ပြုချက်မရသဖြင့် နေရပ်ပြန်နိုင်ရေး ခက်ခဲနေဆဲဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ခွင့်ပြုချက်မရဖြစ်နေသည့်အတွက် အောက်တိုဘာ ၂၂ ရက် နေရပ်ပြန်မည့်အစီအစဉ်ကို နောက်ဆုတ်လိုက်ရသည်ဟုလည်း တင်းမရွာဆရာတော် ဦးဝါယမိန္ဒက နိရဥ္စရာကိုမိန့်သည်။

"ထွေအုပ်ရုံးက ပေးမယ်၊ မပေးဘူးလို့လည်း ရှင်းရှင်းလင်းလင်းမပြောဘူး။ တာဝန်ယူမှု၊ တာဝန်ခံမှု တစ်ယောက်မှ မရှိကြဘူး။ ဒီအတိုင်းသွားရင်လည်း ဆရာတော်တို့ ပြဿနာ ဖြစ်နိုင်သလို ဘယ်နေရာမှာ ဘာဖြစ်မယ်မှန်းမသိနိုင်ဘူး။ တိုင်းမှူးကိုရော၊ ပြည်နယ်ဝန်ကြီးကိုရောစာတင်ထားပြီးပြီ။ တင်းမရွာကိစ္စကို ဒီလူတွေမဖြေရှင်းနိုင်ဘူးဆိုရင် ဆရာတော်တို့ရှေ့ဆက်ဘယ်လိုလုပ်မလဲ" ဟု မိန့်သည်။

တင်းမဒေသခံတစ်ဦးဖြစ်သည့် ဦးဘဗြဲချေကလည်း မြို့ပေါ်တွင်စစ်ဘေးရှောင်ဘဝနှင့် နေထိုင်ရသည်မှာ တိုးတက်လမ်းမရှိသလို အဆင််မပြေမှုများရှိနေ၍ နေရပ်ပြန်လိုသည့်အတွက် ဝိုင်းဝန်းကူညီဖြေရှင်းပေးစေလိုကြောင်း ပြောသည်။

"ကိုယ့်နေရာကိုယ့်ဒေသကို မပြန်ချင်တဲ့သူဘယ်သူရှိမလဲလေနော်။ မြို့ပေါ်လောကမှာ အခုလိုနေလို့လည်း တိုးတက်လမ်းမရှိဘူး။ အခုလိုဒုက္ခရောက်နေတာကို ဝိုင်းဝန်းကူညီပြီး ဖြေရှင်းပေးစေချင်တယ်"ဟု ပြောသည်။

တင်းမရွာသားများသည် အောက်တိုဘာလ ၂၂ ရက်တွင် နေရပ်ပြန်နိုင်ရေးအတွက် ရွာအတွင်းရှိ မိုင်းနှင့်စစ်လက်နက်အကြွင်းအကျန်ပစ္စည်းများနှင့် ချုံနွယ်များကို သက်ဆိုင်ရာက ရှင်းလင်းပေးရန် ဝန်ကြီးချုပ်ဒေါက်တာအောင်ကျော်မင်းနှင့် နယ်လုံဝန်ကြီးတို့ထံ (၃)ကြိမ်တိုင်တိုင် စာရေးသားတောင်းဆိုခဲ့သော်လည်း တစ်စုံတစ်ရာအကြောင်းပြန်ကြားမှုမရှိခဲ့ဟု သိရသည်။

ယင်းအပြင် အောက်တိုဘာလ ၇ ရက်ကလည်း တင်းမဆရာတော်က နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရနှင့် နယ်လုံဝန်ကြီးရုံးတွင်တွေ့ဆုံပြီး တောင်းဆိုခဲ့သေးသည်။ နယ်လုံဝန်ကြီးက အောက်တိုဘာ ၂၂ ရက်တွင် နေရပ်ပြန်ရန်ကူညီပေးမည်ဟုပြောဆိုခဲ့သော်လည်း လက်ရှိအချိန်ထိ တစ်စုံတစ်ရာအကြောင်းပြန်မှုမရှိသေးဟု ဆရာတော်က မိန့်သည်။

ယင်းနောက် အောက်တိုဘာ ၂၆ ရက်တွင် လူဦးရေ ၁၅ဝ ခန့် ဦးစွာနေရပ်ပြန်ရန် ကျောက်တော်မြို့နယ်ထွေအုပ်ရုံးထံ ထပ်မံစာတင်ပြီး ထောက်ခံချက်တောင်းခံခဲ့သော်လည်း ထူးခြားမှုမရှိခဲ့ဟု သိရသည်။

 ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်ကောင်စီမှ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ၊ ပြည်နယ်ကောင်စီ ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းနှင့် ပြည်နယ်သယံဇာတရေးရာ ဝန်ကြီးဦးသန်းထွန်းတို့အား နိရဥ္စရာ သတင်းဌာနက ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရသေးပါ။

တင်းမကျေးရွာအနီး ၂၀၂၀ ပြည့်နှစ်၊ မတ်လအတွင်း တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့မှုကြောင့် ရွာသားများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး နေအိမ် ၅၈၅ ဆောင်အနက် ၁၃၂ ဆောင် မီးရှို့ခံခဲ့ရပြီး တစ်စိတ်တစ်ပိုင်း ပျက်စီးသွားသည့်နေအိမ် ၉၃ ဆောင်ရှိခဲ့သည်ဟု သိရသည်။

လက်နက်ကြီးထိမှန်ပြီး ဘုန်းတော်ကြီးကျောင်း၊ စေတီပုထိုး၊ သိမ်၊ ဓမ္မာရုံများလည်း ပျက်စီးသွားခဲ့သလို စစ်တပ်က ဖမ်းဆီးသွားသည့် ရွာသား ၁၈ ဦးအပါအဝင်  ရွာသား ၂၁ ဦးမှာလည်း ယနေ့အချိန်ထိ ပျောက်ဆုံးနေဆဲဟု ရွာသားများက ပြောသည်။

လက်ရှိတွင် ရွာသားများသည် ကျောက်တော်မြို့ပေါ်နှင့် မြို့နယ်တွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် အစားဆင်းရဲ၊ အနေဆင်းရဲဖြင့် (၂)နှစ်ခန့်အကြာ ခိုလှုံနေရဆဲဖြစ်သည်ဟု သိရသည်။


 

ဆက်စပ် သတင်းများ