စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ထန်တလန် စစ်ဘေးရှောင်များအတွက် ရသေ့တောင် CSO အဖွဲ့အစည်းများ စုပေါင်း အလှူငွေကောက်ခံ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 5.6k

ထက်အောင်
နိရဥ္စရာ၊ နိုဝင်ဘာ ၂/ ၂၀၂၁
ချင်းပြည်နယ်၊ ထန်တလန်မြို့မှ စစ်ဘေးရှောင်များအတွက် ရသေ့တောင်မြို့နယ်အတွင်းရှိ အရပ်ဘက်အဖွဲ့အစည်း(CSO) များ စုပေါင်းပြီး ရသေ့တောင်မြို့ပေါ်တွင် ယမန်နေ့ နိုဝင်ဘာလ ၁ ရက် နံနက် ၁၁ နာရီခန့်က အလှူငွေကောက်ခံခဲ့ကြောင်း သိရသည်။
ထန်တလန်မြို့သည် ရခိုင်ပြည်နယ်နည်းတူ စစ်၏ဆိုးကျိုးများကို ခံစားနေရသည်ကို စာနာထောက်ထားသည့်အနေဖြင့် ယခုကဲ့သို့ အလှူငွေကောက်ခံရခြင်းဖြစ်သည်ဟု ရသေ့တောင်လူငယ်အဖွဲ့ဥက္ကဋ္ဌ ကိုဝင်းကိုက ပြောသည်။
“ထန်တလန်မြို့ဟာလည်း ကျနော်တို့ ရခိုင်တွေခံစားခဲ့ရတဲ့ စစ်ရဲ့ဆိုးမွေတွေကို ခံစားနေရတာဖြစ်ပါတယ်။ ဒါကြောင့် လူသားချင်းစာနာထောက်ထားမှုကို လိုအပ်တဲ့အတွက် အခုလိုအလှူငွေကောက်ခံမှု ပြုလုပ်ရတာဖြစ်ပါတယ်။ ပြီးတော့ ရသေ့တောင်က CSO အဖွဲ့အစည်းတွေအနေနဲ့လည်း သူတို့နဲ့ ထပ်တူထပ်မျှခံစားရတယ်ဆိုတာကို ပြသချင်တာ ဖြစ်ပါတယ်” ဟု ပြောသည်။
ရသေ့တောင်မြို့ပေါ်၌ အလှူငွေကောက်ခံမှုတွင် ကျပ်ငွေ ၃ သိန်း ၂ သောင်းကျော်ရရှိခဲ့ပြီး မြို့တွင်းလှည့်လည်ကောက်ခံကြရာ၌ ရသေ့တောင်မြို့ပေါ်ရှိ စစ်ဘေးရှောင်များကပါ အလှူငွေထည့်ဝင်ကြကြောင်း သိရသည်။
ထိုအလှူငွေများကို ထန်တလန်မြို့ရှိ စစ်ဘေးဒုက္ခသည်များကို အဓိကကူညီနေသည့် ရခိုင်ပြည်နယ်မှ ချင်းတက္ကသိုလ်ကျောင်းသားများမှတဆင့်လှူဒါန်းသွားမည်ဖြစ်ကြောင်း ကိုဝင်းကိုက ပြောသည်။
“ထန်တလန်က စစ်ဘေးရှောင်တွေ ကြုံနေရတဲ့အခက်အခဲတွေအတွက် ရသေ့တောင်မြို့နယ်တစ်ခုလုံးက စားနပ်ရိက္ခာ၊ ဆေးဝါးတွေနဲ့ အဝတ်အထည်တွေအပြင် အမိုးအကာတွေလည်း လှူဒါန်းပေးမဲ့ အခြေအနေမျိုးတွေလည်း ရှိပါတယ်” ဟု ပြောသည်။
ချင်းပြည်နယ်၊ ထန်တလန်မြို့တွင်း အောက်တိုဘာလ ၃၀ ရက်နေ့အထိ စာရင်းအရ လူနေအိမ် ၁၆၀ ကျော်နှင့် ခရစ်ယာန်ဘုရားရှိခိုးကျောင်း (၂) ကျောင်းမီးရှို့ခံထားရသည်ဟု သတင်းများတွင် ဖော်ပြထားချက်အရ သိရသည်။
လက်ရှိတွင် ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ မီးဘေးသင့်ပြည်သူများအနေဖြင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများ လိုအပ်လျက်ရှိကြောင်း သိရသည်။
ထန်တလန်မီးဘေးသင့်ပြည်သူများအတွက် စစ်တွေမြို့မှ ရခိုင်လူငယ်များကလည်း အလှူငွေများ ကောက်ခံလျက်ရှိသည်။
ဓာတ်ပုံ - ရသေ့တောင်လူငယ်အဖွဲ့

ဆက်စပ် သတင်းများ