ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

တင်းမရွာသားများနေရပ်ပြန်နိုင်ရေး ကူညီပေးရန် ပြည်နယ်အဆင့်တွင်တောင်းဆိုမရ၍ နစကကောင်စီတွင် ဆက်လက်တောင်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 1.8k

သဥ္ဇာနွယ်
နိရဥ္စရာ၊ နိုဝင်ဘာ ၃/၂၀၂၁
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် တင်းမကျေးရွာသားများ နေရပ်ပြန်နိုင်ရေး ကူညီဆောင်ရွက်ပေးရန် ပြည်နယ်အဆင့်တွင်တောင်းဆိုမရ၍ နစကကောင်စီထံသို့ ဆက်လက်စာပို့တောင်းဆိုလိုက်ကြောင်း သိရသည်။
အဆိုပါစာကို နိုဝင်ဘာလ ၁ ရက် ရက်စွဲဖြင့် နစကကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ လိပ်မူတောင်းဆိုခဲ့ခြင်းဖြစ်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ပြည်နယ်/မြို့နယ်အဆင့်တာဝန်ရှိသူများထံသို့လည်း မိတ္တူပေးပို့ခဲ့ခြင်းကြောင်း သိရသည်။
တင်းမရွာသားများ နေရပ်ပြန်နိုင်ရေး ကူညီဆောင်ရွက်ပေးရန် ပြည်နယ်ကောင်စီဝန်ကြီးချုပ်နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့ထံ ၃ ကြိမ်တိုင်တိုင်တောင်းဆိုခဲ့သော်လည်း ထူးခြားမှုမရှိသောကြောင့် ယခုကဲ့သို့ ထပ်မံတောင်းဆိုရခြင်းဖြစ်သည်ဟု တင်းမဆရာတော် အရှင်ဝါယာမိန္ဒက နိရဥ္စရာကိုမိန့်သည်။
"ပြည်နယ်ကိုတောင်းဆိုထားတာလည်း အကြောင်းမထူးတော့ လက်ရှိအစိုးရကိုပဲ တောင်းဆိုတာပါ"ဟု မိန့်သည်။
လက်ရှိတွင် တင်းမရွာသားများသည် ကျောက်တော်မြို့ပေါ်နှင့် မြို့နယ်တွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် အစားဆင်းရဲ၊ အနေဆင်းရဲဖြင့် (၂)နှစ်ခန့်အကြာ ခိုလှုံနေရဆဲဖြစ်သည်ဟု သိရသည်။
လက်ရှိတွင် တိုက်ပွဲများလည်းဖြစ်ပွားမှုမရှိတော့သလို စစ်ဘေးရှောင်ဘဝဖြင့် စားဝတ်နေရေးအဆင်မပြေမှုများရှိနေ၍ ကိုယ့်ရပ်ရွာကိုပြန်ပြီး လုပ်ကိုင်စားသောက်လိုသောကြောင့် ယခုကဲ့သို့ နေရပ်ပြန်ရန် တောင်းဆိုခြင်းဖြစ်သည်ဟု တင်းမရွာသားတစ်ဦးက ပြောသည်။
"ခုရရင်ခုပြန်ချင်တယ်။ သားသမီးတွေကို သူများတွေနဲ့ တန်းတူထားချင်တယ်။ သူတို့လူဆန်ရင် ကျနော်တို့ကို နေရပ်ပြန်ဖို့လုပ်ပေးမယ်ထင်တယ်"ဟု ပြောသည်။
အောက်တိုဘာလ ၇ ရက်ကလည်း တင်းမဆရာတော်က နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရနှင့် နယ်လုံဝန်ကြီးရုံးတွင်တွေ့ဆုံပြီး တောင်းဆိုခဲ့သေးသည်။ နယ်လုံဝန်ကြီးက အောက်တိုဘာ ၂၂ ရက်တွင် နေရပ်ပြန်ရန် ကူညီပေးမည်ဟုပြောဆိုခဲ့သော်လည်း လက်ရှိအချိန်ထိ တစ်စုံတစ်ရာ အကြောင်းပြန်မှုမရှိသေးဟု ဆရာတော်က မိန့်သည်။
ယင်းနောက် အောက်တိုဘာ ၂၆ ရက်တွင် လူဦးရေ ၁၅ဝ ခန့် ဦးစွာ နေရပ် ပြန်ရန် ကျောက်တော်မြို့နယ်ထွေအုပ်ရုံးထံ ထပ်မံစာတင်ပြီး ထောက်ခံချက် တောင်းခံခဲ့သော်လည်း ထူးခြားမှုမရှိခဲ့ဟု ဆိုသည်။
တင်းမကျေးရွာအနီး ၂၀၂၀ ပြည့်နှစ်၊ မတ်လအတွင်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့မှုကြောင့် ရွာသားများဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး နေအိမ် ၅၈၅ ဆောင်အနက် ၁၃၂ ဆောင် မီးရှို့ခံခဲ့ရပြီး တစ်စိတ်တစ်ပိုင်း ပျက်စီးသွားသည့်နေအိမ် ၉၃ ဆောင်ရှိခဲ့သည်ဟု သိရသည်။
လက်နက်ကြီးထိမှန်ပြီး ဘုန်းတော်ကြီးကျောင်း၊ စေတီပုထိုး၊ သိမ်၊ ဓမ္မာရုံများလည်း ပျက်စီးသွားခဲ့သလို ရွာသား ၂၁ ဦးသည်လည်း ယနေ့အချိန်ထိ ပျောက်ဆုံးနေဆဲဟု ရွာသားများက ပြောသည်။

ဆက်စပ် သတင်းများ