စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

နေရပ်ပြန်အမ်းမြို့နယ်မှ စစ်ဘေးရှောင်များ မိုင်းအန္တရာယ်စိုးရိမ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 1.9k

ချစ်အိလှိုင်
နိရဥ္စရာ၊ နိုဝင်ဘာ ၆/ ၂ဝ၂၁
ယနေ့ နိုဝင်ဘာလ ၆ ရက် နံနက်ပိုင်းက နေရပ်ပြန်သွားကြသည့် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှ စစ်ဘေးရှောင် ရဝဝ ခန့်အတွက် မိုင်းအန္တရာယ်ကို စိုးရိမ်မိသည်ဟု စစ်ဘေးရှောင်အရေးကူညီနေသူများက ပြောသည်။
ယခုပြန်သွားကြသူများသည် အမ်းမြို့နယ် ဒလကျေးရွာအုပ်စုဘက်မှဒေသခံများဖြစ်ပြီး ယင်းဒေသသည် တောတောင်များကိုသာ အဓိကအားထား၍ လုပ်ကိုင်စားသောက်နေကြရသူများဖြစ်သည့်အတွက် တောတောင်များတွင် မိုင်းများ ရှင်းလင်းပေးမှုမရှိမည်ကို အလွန်စိုးရိမ်မိသည်ဟု စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူ အမ်းမျိုးဆက်သစ်လူငယ်အဖွဲ့ဥက္ကဋ္ဌ မအေးအေးနိုင်က နိရဥ္စရာအားပြောသည်။
“စိုးရိမ်မှုအရမ်းရှိတယ်။ ဘာဖြစ်လို့လဲဆိုရင် အဲဒီမှာ မိုင်းရှင်းလင်းရေးတစ်ခုမှ မလုပ်ရသေးဘူး။ အခုပြန်တဲ့လူတွေက ဒလကလူတွေ။ ဒလဆိုတာက တောတောင်ထဲမှာ လုပ်စားရတဲ့လူတွေ။ တောတောင်ထဲကိုမသွားရလို့ရှိရင် သူတိုု့ပေးလိုက်တဲ့ပိုက်ဆံ ၆ သိန်းကုန်ရင် အကုန်လုံးဒုက္ခရောက်မှာ” ဟုပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်ကောင်စီပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းက နေရပ်ပြန်လွှတ်နေသည့် စစ်ဘေးရှောင်များကို မိုင်းရှင်းပြီးမှသာ ပြန်လွှတ်ပေးခြင်းဖြစ်ကြောင်း ပြောသည်။
“ပြန်ခွင့်ပြုတယ်ဆိုတဲ့ဒေသတွေဟာ မိုင်းရှင်းပြီးလို့သာပြန်ခွင့်ပြုတာ။ ငါတို့ရဲ့မူမှာ စစ်ရေးစစ်ရာအရ နှစ်ဘက် တပ်စွဲထားတဲ့နေရာကြားတွေကိုဆိုရင်တော့ ပြန်ခွင့်မပေးဘူး။ နောက်တစ်ခုက မိုင်းမရှင်းပေးဘဲနဲ့ဆိုရင် ငါတို့မပြန်ခိုင်းဘူး။ မိုင်းရှင်းပြီးပြီလို့၊ သက်ဆိုင်ရာက မိုင်းရှင်းပြီးပြီ။ ဒီရွာကိုပြန်လို့ရပြီ။ ပြန်မဲ့လူလည်းရှိတယ်ဆိုမှ ငါတို့က ပြန်ခိုင်းတာလေ”ဟု ပြောသည်။
နေရပ်ပြန်သွားကြသည့်စစ်ဘေးရှောင်များကို ယမန်နေ့ နိုဝင်ဘာ ၅ ရက်နေ့က ရခိုင်ပြည်နယ်ကောင်စီက အိမ်ထောင်စုတစ်စုလျှင် ကျပ် ၅ သိန်း၊ လူကယ်ပြန်က ကျပ် ၁ သိန်းနှင့် လူအသုံးအဆောင်ပစ္စည်း ၁၇ မျိုးတို့ ပေးအပ်ခဲ့သည်ဟုလည်း သိရသည်။
ယခုပြန်သွားကြသူများသည် ရခိုင်တွင် ရှိနေသေးသည့် နေရပ်မပြန်နိုင်သေးသော စစ်ဘေးရှောင်ဦးရေ ၈ သောင်းကျော်ထဲမှ ပြန်သွားကြသူများလည်းဖြစ်သည်။
ဆက်လက်ကျန်နေသေးသည့်စစ်ဘေးရှောင်များ၏ နေရပ်များတွင် အစိုးရက မိုင်းရှင်းလင်းပေးမှုမရှိသေးသည့်အတွက် နေရပ်မပြန်နိုင်ဘဲဖြစ်နေရသည်ဟု သိရသည်။
ဓာတ်ပုံ - အမ်းမျိုးဆက်သစ်လူငယ်အဖွဲ့

ဆက်စပ် သတင်းများ