သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ရခိုင်မှ နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်များ ဘဝရှေ့ရေး မရေမရာဖြစ်နေဆဲ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 6.6k

ချစ်အိလှိုင်
နိရဥ္စရာ၊ နိုဝင်ဘာ ၁ဝ/ ၂ဝ၂၁
ရခိုင်ပြည်နယ်အတွင်းရှိ နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်များသည် နေ့စဉ်အခက်အခဲများဖြင့် ဖြတ်သန်းနေရသည့်အတွက် ၄င်းတို့၏ဘဝရှေ့ရေးများသည်လည်း မရေရာမှုများဖြစ်နေပြီး စစ်ဘေးရှောင်စခန်းများတွင် ဆက်မနေချင်တော့ကြောင်း ပြောသည်။
ရသေ့တောင်မြို့နယ် ရေစိုးချောင်းကျေးရွာမှ ရသေ့တောင်မြို့ရှိ ပုဗ္ဗာရုံကျောင်းစစ်ဘေးရှောင်စခန်းတွင်ခိုလှုံနေသည့် ဒေါ်တင်တင်ညိုက နေရပ်ပြန်ချင်သော်လည်း ၄င်းတို့ ကျေးရွာတွင် စစ်တပ်ဗျူဟာစခန်းတစ်ခုမှ နေရာယူထားသဖြင့် မပြန်ရဲဘဲ အလုပ်လက်မဲ့ဘဝဖြင့် စစ်ဘေးရှောင်စခန်းတွင်ခိုလှုံနေရသဖြင့် စိတ်ဓာတ်ကျနေရကြောင်း ပြောသည်။
“အလုပ်လည်းမရှိအကိုင်လည်းမရှိဘူး။ ရွာပြန်ချင်ပေမယ့် ပြန်လို့မရဘူး။ နောက်တစ်နှစ်၊ နှစ်လောက်သာ ဆက်နေရမယ်ဆိုရင် စိတ်ဓာတ်တွေကျမယ်။ ရွာကိုမပြန်ရလို့ စိတ်ဓာတ်ကျရောဂါနဲ့ သေသွားတဲ့လူတွေလည်းရှိတယ်” ဟုပြောသည်။
၄င်းတို့မှာ လွန်ခဲ့သည့် ၂ဝ၁၉ ခုနှစ်၊ မေလခန့်က ကျေးရွာအနီးသို့ လေကြောင်းတိုက်ခိုက်မှုများရှိခဲ့သဖြင့် ရွာလုံးကျွတ်ထွက်ပြေးလာခဲ့ကြခြင်းဖြစ်ကြောင်း သူမက ဆက်ပြောသည်။
“ကျွန်မအစ်မဆိုရင်လည်း ကယ်ဆယ်ရေးစခန်းကို ရောက်လာပြီးနောက်တော့ ရောက်ခါစာက စစ်ဘေးရှောင်တွေမှာ ထောက်ပံ့တဲ့လူတွေလည်းမရှိသေးဘူး။ နေပူတဲ့ကြားထဲက စစ်ဘေးရှောင်တွေစားဖို့ အလှူခံရင်း နှလုံးသွေးကြောပေါက်ပြီးသေသွားခဲ့တယ်။ စစ်ဘေးရှောင်စခန်းကလူတွေဆိုရင် အထင်သေးကြတယ်။ ဘေးပတ်ဝန်းကျင်ကလူတွေမှာ ပစ္စည်းတွေပျောက်ရင်လည်း သူခိုးလို့စွပ်စွဲခံရတယ်” ဟုဒေါ်တင်တင်ညိုက ဆက်ပြောသည်။
ရခိုင်တွင် လွန်ခဲ့သည့် ၂ဝ၁၈ ခုနစ်မှစ၍ ရက္ခိုင့်တပ်တော်(AA) နှင့် စစ်တပ်တို့ တိုက်ပွဲများဖြစ်ပွားပြီးနောက် စစ်ဘေးရှောင် ၂ သိန်းကျော်အထိနေရပ်စွန့်ခွာထွက်ပြေးခဲ့ကြသည်။
၄င်းတို့ထဲမှ မိုင်းရှင်းလင်းပြီးသည့် ဒေသများမှ စစ်ဘေးရှောင်များကို ပြန်ခွင့်ပေးထားပြီး မိုင်းရှင်းလင်းမှုမရှိသေးသည့် ဒေသများမှ စစ်ဘေးရှောင် ၈ သောင်းခန့်မှာ လက်ရှိအချိန်အထိ နေရပ်မပြန်နိုင်သေးကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC)၏ စာရင်းများအရ သိရသည်။
လက်ရှိတွင် စစ်ဘေးရှောင်များအနေဖြင့် စစ်ဘေးရှောင်စခန်းများမှ မိမိတို့၏ရွာသို့ ပြန်ချင်သည့် စိတ်တစ်ခုတည်းသာ ရှိနေကြကြောင်း ပြောသည်။
ကျောက်တော်မြို့တောင်မင်းကုလားစစ်ဘေးရှောင်စခန်းမှ မြိုအမျိုးသမီးဒေါ်မအေးခိုင်က “ဘယ်သူက ကိုယ့်အိမ်၊ ကိုယ့်နေရာကို မပြန်ချင်ပဲရှိပါ့မလဲ။ ကိုယ့်နေရာမှဆိုရင် အနှိမ်လည်းမခံရဘူး။ ဒါပေမယ့် ပြန်လို့အဆင်မပြေနိုင်သေးဘူး။ ပြန်ရင်လုပ်စားဖို့အလုပ်လည်းမရှိဘူး။ မိုင်းလည်းမရှင်းရသေးတော့ အခုပြန်ခိုင်းလည်း မပြန်ချင်သေးဘူး” ဟုပြောသည်။
နေရပ်ပြန်သွားကြသည့်စစ်ဘေးရှောင်များ၏နေရပ်များတွင် မိုင်းများရှင်းလင်းပြီးမှ ပြန်ခိုင်းခြင်းဖြစ်သည်ဟု ပြည်နယ်ကောင်စီပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းက နိရဥ္စရာကိုပြောဆိုထားသည်။
နေရပ်ပြန်သွားသည့်စစ်ဘေးရှောင်များတွင် ၄င်းတို့၏ရပ်ရွာအနီး မိုင်းမရှင်းလင်းရသေးသော်လည်း စစ်ဘေးရှောင်စခန်းများတွင် မနေလိုကြတော့၍ မိမိဆန္ဒအရ ပြန်သွားကြသည့်စစ်ဘေးရှောင်များလည်း အများအပြားပါဝင်သည်ဟု သိရသည်။
စစ်ဘေးရှောင်များအရေးကူညီဆောင်ရွက်ပေးနေသူဦးဝေဟင်အောင်ကလည်း အဆိုပါစစ်ဘေးရှောင်များ၏ မရေရာသည့် ဘဝများမှာ ရက္ခိုင့်တပ်တော်(AA)၊ စစ်တပ်နှင့် အစိုးရတို့အားလုံးတွင် တာဝန်ရှိကြောင်း ပြောဆိုသည်။
“ULA/AA နဲ့ အခု အိမ်စောင့်အစိုးရကြားမှာ အမြန်ဆုံးအဖြေထုတ်ဖို့လိုတယ်လိို့မြင်တယ်။ ဒီဟာကိုသာအဖြေမထုတ်ဘူးဆိုလို့ရှိရင် ဒီလူအုပ်စုတစ်စုဟာ ပစ်ထားမယ်ဆိုရင် တိုင်းပြည်ကို အုပ်ချုပ်တာဝန်ယူထားတဲ့အစိုးရကိုယ်တိုင်က တာဝန်မကျေဘူးလို့မြင်တယ်”ဟု ပြောသည်။
လက်ရှိတွင် ရခိုင်ရှိ စစ်ဘေးရှောင်စခန်းများတွင် ကျန်နေသေးသည့်စစ်ဘေးရှောင် ၈ သောင်းခန့်မှာ စားဝတ်နေရေးအခက်အခဲများရှိနေသလို ဆောင်းတွင်းရာသီကိုဝင်ရောက်လာပြီဖြစ်၍ အနွေးအထည်များလည်း လိုအပ်နေကြသည်ဟုလည်း သိရသည်။

ဆက်စပ် သတင်းများ