သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ရခိုင်စစ်ဘေးရှောင်များအတွက် အနွေးထည်နှင့်စောင်များ အရေးပေါ်လိုအပ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 1.8k

နောင်ခိုင်အောင်
နိရဥ္စရာ၊ နိုဝင်ဘာ ၂၄/ ၂၀၂၁
ချမ်းအေးသည့် ဆောင်းရာသီဝင်ရောက်လာပြီဖြစ်သဖြင့် ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်များနှင့် ချင်းပြည်နယ် ပလက်ဝမြို့ရှိ စစ်ဘေးရှောင်များတွင် အနွေးထည်နှင့် စောင်များ အရေးပေါ်လိုအပ်လျက်ရှိကြောင်း စစ်ရှောင်စခန်းတာဝန်ခံများက ပြောသည်။
အမ်းမြို့နယ်၊ ပဲပဒုံစစ်ဘေးရှောင်စခန်းအမှတ် ၁ တွင် ဝင်ရောက်ခိုလှုံနေသည့် ဦးအောင်ဝင်းက “အခုဆောင်းရာသီမှာ အနွေးထည်တို့ဘာတို့ အလှူရှင်တွေက မရှိသေးပေါ့နော်။ ပြောရမယ်ဆိုရင် ရှိတဲ့ဟာတွေနဲ့လည်း အချမ်းက မလုံခြုံဘူး”ဟု ပြောသည်။
မြောက်ဦးမြို့နယ်ရှိ စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းတွင်လည်း အနွေးထည်များလိုအပ်နေသလို ကျန်းမာရေးစောင့်ရှောက်မှုများပါ လိုအပ်နေကြောင်း စခန်းကော်မတီအဖွဲ့ဝင် ဦးစောသိန်းက ပြောသည်။
“လက်ရှိအချိန်မှာတော့ အနွေးထည်တွေ၊ စောင်တွေလိုအပ်နေပါတယ်။ နောက်တစ်ခုက ကျန်းမာရေးစောင့်ရှောက်မှုပါ။ ရွာမှာရှိတဲ့ အုပ်စုနာ့စ်မတွေကလည်း ကိုယ်ဝန်သည်လောက်ပဲ စောင့်ရှောက်နိုင်ပါတယ်။ ကျန်းမာရေးကိစ္စနဲ့ဆိုရင် မြောက်ဦး၊ စစ်တွေကိုသွားရတာမလွယ်ဘူး” ဟု ပြောသည်။
ရခိုင်တွင် ၂ဝ၁၈ ခုနှစ်မှစတင်ဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့် စစ်ဘေးရှောင် (၂)သိန်းကျော်အထိရှိခဲ့သော်လည်း လက်ရှိတွင် တိုက်ပွဲများ ရပ်စဲသွားပြီဖြစ်၍ စစ်ဘေးရှောင်အများအပြား နေရပ်ပြန်သွားကြပြီဖြစ်သည်။
လက်ရှိတွင် ရခိုင်၌ မိုင်းနှင့် စစ်လက်နက်အကြွင်းအကျန်များကိုဖယ်ရှားရှင်းလင်းပေးမှုမရှိသေးသည့်အတွက် နေရပ်မပြန်နိုင်သေးသည့်စစ်ဘေးရှောင်ဦးရေ ၈ သောင်းခန့်ရှိနေသေးကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC)၏ စာရင်းအရ သိရသည်။
REC ဥက္ကဋ္ဌ ဦးရွှေဘော်စိန်က “ဒုက္ခသည်စခန်းအားလုံးလိုလိုမှာ မိုးရာသီကုန်လို့ ဆောင်းရာသီလည်းရောက်လာပြီးတော့ တစ်ကိုယ်ရည်သုံးပစ္စည်းတွေကအစ ယောကျင်္ားရော၊ မိန်းကလေးရော၊ ကလေးတွေရော အဝတ်အထည်တွေက လုံလုံလောက်မရှိဘူး။ အခုချိန်မှာ အဆောက်အဦတွေကလည်း လုံလုံလောက်လောက်မရှိဘူး။ လေဟာပြင်တွေမှာပဲနေရာတာတွေရှိတော့ အဝတ်အထည်တွေကတော့ တော်တော်လေးကို အခက်အခဲဖြစ်နေကြပါတယ်”ဟု ပြောသည်။
အလားတူ ရခိုင်ပြည်နယ်နှင့် နယ်စပ်ချင်း ထိစပ်နေသည့် ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များတွင်လည်း အနွေးထည်နှင့် စောင်များ လိုအပ်နေပြီး အထူးသဖြင့် သက်ကြီးရွယ်အိုများတွင် အရေးတကြီးလိုအပ်နေသည်ဟုလည်း ပလက်ဝမြို့ရှိ ဝိသုဒ္ဓါရုံဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးတင်ဦးက ပြောသည်။
“ဒီမှာက အနွေးထည်တွေလည်းမရှိဘူး။ အလှူရှင်တွေလည်း မရှိဘူးဆိုတော့လေ။ အခု ဆောင်းတွင်းပိုင်းမှာဆိုတော့ အသက်ကြီးပိုင်းတွေအတွက် ပိုပြီးတော့လိုအပ်တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ လူကြီးတွေ၊ အသက်ကြီးပိုင်းတွေဆိုတော့ ခုခံနိုင်စွမ်းလည်းမရှိတော့ ပိုပြီးတော့လိုအပ်တာပေါ့” ဟု ပြောသည်။
ရခိုင်တွင်တိုက်ပွဲများဖြစ်ပွားခဲ့သည့်အတွက် ပလက်ဝမြို့နယ်အတွင်းတွင်လည်း စစ်ဘေးရှောင်ဦးရေ ၅ ထောင်ခန့်ရှိခဲ့ပြီး ၁ ထောင်ကျော် နေရပ်ပြန်သွားကြပြီဟု သိရသည်။

ဆက်စပ် သတင်းများ