အင်္ဂါ၊ ဧပြီလ ၁၆ရက်၊ ၂၀၂၄

တင်းမရွာသားများနေရပ်ပြန်ရေးဆောင်ရွက်ပေးရန် နစကကောင်စီထံတင်ပြသော်လည်း ၁ လကြာသည်အထိ ထူးခြားမှုမရှိသေးဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 6.5k

သဥ္ဇာနွယ်
နိရဥ္စရာ၊ နိုဝင်ဘာ ၂၉ / ၂၀၂၁
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် တင်းမကျေးရွာသားများ နေရပ်ပြန်နိုင်ရေး ကူညီဆောင်ရွက်ပေးရန် နစက ကောင်စီထံ စာတင်တောင်းဆိုသော်လည်း ၁ လကြာသည်အထိ ထူးခြားမှုမရှိသေးကြောင်း သိရသည်။
တင်းမကျေးရွာသားများနေရပ်ပြန်နိုင်ရေးကူညီဆောင်ရွက်ပေးရန်အချက်အပါအဝင် ရပ်ရွာအနီး မိုင်းရှင်းလင်းပေးရန်နှင့် ခြုံနွယ်ပိတ်ပေါင်းများအားဖယ်ရှားရှင်းလင်းပေးရန် နိုဝင်ဘာ ၁ ရက်က နစကကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ပြည်နယ်/မြို့နယ် အဆင့်တာဝန်ရှိသူများထံ စာပို့ပြီးတောင်းဆိုခဲ့သော်လည်း ၁ လကြာသည်အထိ ထူးခြားမှုမရှိသေးဟု တင်းမရွာသားများနေရပ်ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်အေးလှက နိရဥ္စရာကိုပြောသည်။
“စာတွေ အကြောင်းပြန်တာလည်း မရှိဘူး။ ခုတစ်လော အဲ့ကိစ္စတွေ ဘာအသံမှမကြားဘူး”ဟုပြောသည်။
တင်းမရွာသားများနေရပ်ပြန်နိုင်ရန် ရခိုင်ပြည်နယ်ကောင်စီဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းနှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှူးတို့ထံသို့ ၃ ကြိမ်တိုင်တိုင်စာတင်တောင်းဆိုခဲ့သော်လည်း ထူးခြာမှုမရှိ၍ နစကကောင်စီဥက္ကဋ္ဌထံသို့ ထပ်မံစာတင်တောင်းဆိုခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ယင်းမတိုင်မီ အောက်တိုဘာလ ၇ ရက်ကလည်း တင်းမဆရာတော်က နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရနှင့် နယ်လုံဝန်ကြီးရုံးတွင်တွေ့ဆုံပြီး ရွာသားများနေရပ်ပြန်နိုင်ရေးကူညီပေးဖို့ တောင်းဆိုခဲ့သေးသည်။
နယ်လုံဝန်ကြီးက အောက်တိုဘာ ၂၂ ရက်တွင် နေရပ်ပြန်ရန် ကူညီပေးမည်ဟုပြောဆိုခဲ့သော်လည်း လက်ရှိအချိန်ထိ တစ်စုံတစ်ရာ အကြောင်းပြန်မှုမရှိသေးဟု ဆရာတော်က မိန့်သည်။
ယင်းနောက် အောက်တိုဘာ ၂၆ ရက်တွင် လူဦးရေ ၁၅ဝ ခန့် ဦးစွာ နေရပ်ပြန်ရန် ကျောက်တော်မြို့နယ်ထွေအုပ်ရုံးထံ ရွာသားများ ထပ်မံစာတင်တောင်းဆိုခဲ့သော်လည်း ထူးခြားမှုမရှိခဲ့ဟု ဆိုသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်ကောင်စီအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီးဦးသန်းထွန်းကိုဆက်သွယ်ခဲ့ရာ ကျန်းမာရေးမကောင်းသဖြင့် ၎င်းကိစ္စများကို နယ်လုံဝန်ကြီးကိုမေးမြန်းရန်ဖြေဆိုခဲဲ့သည်။
နယ်လုံဝန်ကြီးအားဆက်သွယ်ခဲ့ရာ ဆက်သွယ်၍ မရရှိခဲ့ပေ။
တင်းမကျေးရွာအနီး ၂၀၂ဝ ပြည့်နှစ်၊ မတ်လအတွင်း တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့မှုကြောင့် ရွာသားများဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး နေအိမ် ၅၈၅ လုံးအနက် ၁၃၂ လုံး မီးရှို့ခံခဲ့ရပြီး တစ်စိတ်တစ်ပိုင်းပျက်စီးသွားသည့် နေအိမ် ၉၃ လုံးရှိခဲ့သည်ဟု သိရသည်။
လက်နက်ကြီးထိမှန်ပြီးဘ ဘုန်းတော်ကြီးကျောင်း၊ စေတီပုထိုး၊ သိမ်၊ ဓမ္မာရုံများလည်း ပျက်စီးသွားခဲ့သလို ရွာသား ၂၁ ဦးသည်လည်း ယနေ့အချိန်ထိ ပျောက်ဆုံးနေဆဲဟု ရွာသားများက ပြောသည်။
လက်ရှိတွင် တင်းမကျေးရွာသားများသည် ကျောက်တော်မြို့ပေါ်နှင့် မြို့နယ်တွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် အစားဆင်းရဲ အနေဆင်းရဲ နေရပ်မပြန်နိုင်ဘဲ ၂ နှစ်ခန့် ကြာခိုလှုံနေကြရဆဲဖြစ်သည်။
ဓာတ်ပုံ - တင်းမရွာသားများ နေရပ်ပြန်နိုင်ရေးဆွေးနွေးခဲ့

ဆက်စပ် သတင်းများ