သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ရခိုင်ရှိ ဝေးလံသောဒေသမှ စစ်ဘေးရှောင်များတွင် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 4.2k

ထက်အောင်
နိရဥ္စရာ၊ ဒီဇင်ဘာ ၄/ ၂၀၂၁
ရခိုင်ပြည်နယ်ရှိ ဝေးလံပြီး သွားလာရခက်ခဲသော ကျေးလက်ဒေသများမှ စစ်ဘေးရှောင်များတွင် ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်နေကြောင်း သိရသည်။
ထိုအထဲတွင် သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်များတွင် ကျန်းမာရေးစောင့်ရှောက်မှု အဓိကလိုအပ်နေခြင်းဖြစ်ကြောင်း စစ်ရှောင်စခန်းတာဝန်ခံများက ပြောသည်။
မြောက်ဦးမြို့နယ်၊ လေးမြို့ချောင်းဒေသမှ စင်းဘောကိုင်းစစ်ဘေးရှာင်စခန်းတာဝန်ခံ ကိုညီပုက ၄င်းတို့စခန်းသို့ ကုန်းတစ်တန်၊ ရေကြောင်းတစ်တန်သွားရပြီး မြို့ပြနှင့် အလှမ်းဝေးသည့်အတွက် စစ်ဘေးရှောင်များတွင် ကျန်းမာရေးစောင့်ရှောက်မှုအပိုင်း၌ အခက်အခဲရှိနေကြောင်း ပြောသည်။
“ကလေးတွေက နေမကောင်းရင် ကုသစရာ ဆေးဝါးမရှိဘူး။ ကျန်းမာရေးဝန်ထမ်းက မရှိဘူး။ သက်ကြီးရွယ်အိုတွေဆိုရင် အစားအသောက်တွေလည်း မမှန်တော့ အားလျော့တာတွေရှိတယ်။ ကျန်းမာရေးစောင့်ရှောက်မှုတွေမရှိတော့ တော်တော်လေးအခက်ကြုံနေရပါတယ်” ဟု ပြောသည်။
စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင်ဦးရေ ၃၉ဝဝ ကျော်ရှိသည်ဟုလည်း သိရသည်။
ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းဒေသရှိ အထက်သင်းပုန်းတန်းကျေးရွာ စစ်ဘေးရှောင်စခန်းဆိုလျှင် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့်အပြင် ဖုန်းလိုင်းလည်း မမိသည့်အတွက် စခန်း၏ကျန်းမာရေးအခြေအနေများကိုပင် နိရဥ္စရာက ဆက်သွယ်မေးမြန်း၍ မရရှိခဲ့ပါ။
ယင်းစခန်းကို သွားရောက်ခဲ့ဖူးသည့် ပုဏ္ဏားကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးထွန်းမောင်က “ကျန်းမာရေးစောင့်ရှောက်မှုကတော့ အဲဒီဖက်မှာ ဖြစ်သလိုနေကြတာပါပဲ။ တောတောင်တွေကြားထဲမှာ ဆိုတော့ အခက်အခဲတွေတော့ရှိတယ်”ဟု ပြောသည်။
ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းဒေသတွင် သြရမကျေးရွာမှစ၍ ဖုန်းလိုင်းများမမိတော့ကြောင်း သိရသည်။
ဝေလံသည့်ကျေးလက်ဒေသများရှိ စစ်ဘေးရှောင်များနှင့် ဒေသခံရွာသားများ ကျန်းမာရေးစောင့်ရှောက်မှု ရရန်အတွက် ကျေးလက်ကျန်းမာရေးဌာန၊ ဌာနခွဲများတွင် ကျန်းမာရေးမှူး၊ သားဖွားဆရာမနှင့် ပြည်သူ့ကျန်းမာရေး ကြီးကြပ်(၂)တို့ရှိသည်ဟု ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
တစ်ပတ်လျှင် အနည်းဆုံးနှစ်ကြိမ်ခန့် ကျန်းမာရေးစောင့်ရှောက်မှုပေးကြရန်လည်း မှာကြားထားသည်ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။
“Camp တာဝန်ရှိသူတွေအနေနဲ့လည်း အနီးစပ်ဆုံးကျေးလက်ကျန်းမာရေးဌာန၊ ဌာနခွဲတွေနဲ့ ဆက်သွယ်ဆောင်ရွက်ဖို့လည်း လိုပါတယ်။ ဘယ်လို ဆက်သွယ်ရမယ်ဆိုတာကိုလည်း သိထားဖို့လိုတယ်။ နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်မှ ပိုအဆင်ပြေမှာပေါ့လေ။ ဆရာတို့ကတော့ တိုက်ပွဲရှောင်စခန်းတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု မလစ်ဟင်းစေဖို့ပြောထားတယ်” ဟု ပြောသည်။
ရခိုင်ပြည်နယ်တွင် ကျန်းမာရေးဝန်ထမ်းစုစုပေါင်း ၄ ထောင်ခန့်ရှိပြီး မြို့နယ်တစ်မြို့နယ်လျှင် ပျမ်းမျှဝန်ထမ်း ၂၀၀ နှင့် ၃၀၀ ကြားတွင်ရှိကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ရခိုင်ပြည်နယ်အတွင်း မြို့နယ် (၁၀) ခုဖြစ်သည့် ရသေ့တောင်၊ ဘူးသီးတောင်၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မြေပုံ၊ မင်းပြား၊ ပေါက်တော၊ အမ်း စသည့်မြို့နယ်များတွင် စစ်ဘေးရှောင်ဦးရေ ၈ သောင်းခန့်ရှိနေသေးကြောင်း သိရသည်။
၄င်းတို့တွင် ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်ချက်အပြင် အခြား စားဝတ်နေရေးနှင့် ဆောင်းရာသီကျရောက်လာပြီဖြစ်၍ စောင်နှင့်အနွေးထည်လိုအပ်ချက်များနှင့်လည်း ရင်ဆိုင်နေရသည်ဟု ဆိုကြသည်။
ဓာတ်ပုံ - မြောက်ဦးမြို့နယ်ရှိ စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းအား တွေ့ရစဉ်။

ဆက်စပ် သတင်းများ