ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

စစ်တွေရှိ စစ်ဘေးရှောင်ခန်း ၂ဝ ကျော်တွင် လူကယ်ပြန်၏ ဆန်ထောက်ပံ့မှုမရရှိသည်မှာ ၂ လခန့်ရှိပြီဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 5.7k

သဥ္ဇာနွယ်
နိရဥ္စရာ၊ မတ် ၁၉ / ၂၀၂၂
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ စစ်ဘေးရှောင်စခန်း ၂ဝ ကျော်တွင် လူကယ်ပြန်၏ ဆန်ထောက်ပံ့မှုမရရှိသည်မှာ ၂ လခန့်ရှိနေပြီဟု စစ်ဘေးရှောင်စခန်းတာဝန်ခံများက ပြောသည်။
စစ်တွေမြို့ရှိ ဘုန်းတော်ကြီးကျောင်း ၂၀ ကျော်တွင် မှီခိုနေထိုင်နေရသော စစ်ဘေးရှောင်စခန်း ၂၀ ကျော်၌ ပြီးခဲ့သည့်ဖေဖော်ဝါရီလမှစတင်ကာ လူကယ်ပြန်ထံမှဆန်ထောက်ပံ့မှုမရရှိခြင်းဖြစ်သည်ဟု စစ်ဘေးရှောင်စခန်းဖွင့်လှစ်ထားသည့် ဝိဘဇ္ဇဝါဒီဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဦးစက္ကိန္ဒက နိရဥ္စရာကို မိန့်သည်။
“စခန်းတွေမှာ ဆန်မရတာ အစိုးရက စစ်ရှောင်စခန်းမှာ ထောက်ပံ့မဲ့ဘတ်ဂျက်ကို နေပြည်တော်ကိုပြန်ယူသွားတယ်လို့တော့ကြားမိတယ်။ အတိကျတော့ မသိဘူး”ဟုမိန့်သည်။
အဆိုပါစစ်ဘေးရှောင်စခန်း ၂ဝ ကျော်၏လူဦးရေစာရင်းအတိအကျကိုမူ မခန့်မှန်းနိုင်သော်လည်း ထောင်နှင့်ချီရှိနိုင်သည်ဟု ဆရာတော်က ဆိုသည်။
ယခုကဲ့သို့ ဆန်ထောက်ပံ့မှုမရရှိသောကြောင့် စားဝတ်နေရေးခက်ခဲနေကြရသည်ဟု စစ်ဘေးရှောင်စခန်းတစ်ခု၏တာဝန်ခံ ဦးမောင်တင်ဦးက ပြောသည်။
“အလုပ်မရှိရင် ထမင်းငတ်တဲ့လူလည်းရှိတယ်။ တစ်ချို့ဆိုရင်လည်း နေ့စားအလုပ်တစ်ခုတစ်လေရရင် အဆင်ပြေကြတယ်။ မိသားစုများတဲ့အိမ်ထောင်စုဆို ပိုအခက်ခဲဖြစ်တယ်။ ကျနော်တို့ဆန်မရတော့ ကျနော်တို့ကို လက်ခံထားတဲ့ ဘုန်းကြီးကျောင်းက ဆရာတော်တွေက ကျနော်တို့အတွက် အပူတပြင်းလိုက်ရှာပေးရတယ်”ဟုပြောသည်။
စစ်ဘေးရှောင်များတွင် ဆန်ရိက္ခာများပေးပို့ရာတွင် အခက်အခဲများနှင့် ငွေထုတ်ရာတွင် အခက်ခဲတစ်စုံတစ်ရာဖြစ်ခြင်းကြောင့်ဖြစ်နိုင်သည်ဟု ပြည်နယ်ကောင်စီ၏ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ်ဦးလှသ်ိန်းက ပြောသည်။
“ဘာအကြောင်းမှတော့ မဟုတ်ဘူး။ ပစ္စည်းပို့တာတွေဘာတွေမှာ အခက်ခဲရှိတာတို့၊ ငွေထုတ်တဲ့နေရာမှာ အခက်ခဲရှိတာတွေကြောင့် ဒီဘက်ကို မရောက်တာဖြစ်နိုင်တယ်”ဟုပြောသည်။
စစ်တွေရှိစစ်ဘေးရှောင်စခန်းများတွင် ဆန်ထောက်ပံ့မှုမရရှိခြင်းကိစ္စနှင့်ပတ်သက်၍ ယင်းစခန်းတာဝန်ခံများနှင့် ရပ်မိရပ်ဖတို့သည် ယနေ့ မတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် စစ်တွေရှိ အလိုတော်ပြည့်ကျောင်းတိုက်၌ ဆွေးနွေးမှုတစ်ခု ပြုလုပ်ခဲ့ကြပြီး အချက် ၃ ချက်ကို ဆွေးနွေးအတည်ပြုခဲ့ကြောင်း သိရသည်။
ယင်းအချက်များမှာ အစိုးရရုံးထံ စာတင်တောင်းဆိုခြင်း၊ စစ်ဘေးရှောင်စခန်းများမှ တာဝန်ရှိသူတစ်ဦးချင်းစီ စုပေါင်းပြီး ထပ်မံစာတင်တောင်းဆိုခြင်းနှင့် စာတင်တောင်းဆို၍ မရပါက စစ်ဘေးရှောင်စခန်းတစ်ခုစီမှ လူဦးရေ ၂၀ ခန့်ဖြင့် အစိုးရရုံးထံလမ်းလျှောက်တောင်းဆိုခြင်း စသည့်အချက်များဖြစ်သည်။
ရခိုင်ရှိ အခြားမြို့နယ်များရှိ စစ်ဘေးရှောင်စခန်းများတွင်လည်း အစိုးရထံမှ ဆန်ရိက္ခာအထောက်အပံ့များ ရရှိမှု နည်းပါးလာနေပြီး လုံးဝမရရှိသည့်စခန်းများလည်းရှိနေသည်ဟု စခန်းတာဝန်ခံများက ပြောသည်။
ရခိုင်ရှိ စစ်ဘေးရှောင်စခန်းအများအပြားကို မကြာမီဖျက်သိမ်းနိုင်ရေးစီစဉ်နေသည်ဟုလည်း ပြည်နယ်ကောင်စီပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းက နိရ ဉ္စရာကို ပြီးခဲ့သည့်အပတ်က ပြောဆိုထားသည်။

ဆက်စပ် သတင်းများ