ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

အမ်းမှ စစ်ဘေးရှောင် ၁ ထောင်ကျော်ကို ယနေ့တွင် နေရပ်ပြန်ပို့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ မတ် ၂၀၂၂
  • | ကြည့်ရှုသူ: 3.7k

သဥ္ဇာနွယ်
နိရ ဉ္စရာ၊ မတ် ၂၉/ ၂၀၂၂
ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ စစ်ဘေးရှောင် ၁ ထောင်ကျော်ကို ယနေ့တွင် နေရပ်ပြန်ပို့လိုက်ပြီဟု သိရသည်။
အမ်းမြို့ရှိ ပဲပဒုံ၊ မိုးလုံလေလုံအားကစားခန်းမနှင့် ကမ်းဒိတ်စသည့် စစ်ဘေးရှောင်စခန်း(၃)ခုမှ နေရပ်ပြန်ရန်စာရင်းပေးထားသည့် စစ်ဘေးရှောင် ၁ ထောင်ကျော်ကို ယနေ့ မတ်လ ၂၉ ရက် နံနက် ၉ နာရီခန့်က နေရပ်သို့ပို့လိုက်ပြီဟု ပဲပဒုံစစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးသန်းချိုက နိရ ဉ္စရာကိုပြောသည်။
"အစိုးရဘက်က ကားတွေနဲ့ပို့တာ။ တချို့ဆို ဒီနေ့ရောက်တယ်။ တချို့ဆို မနက်ဖြန်မှ ရောက်ကြမှာ"ဟုပြောသည်။
ယခုပြန်သွားသူများတွင် အိမ်ထောင်စု ၃ဝရ စုပါဝင်ပြီး အမ်းမြို့နယ် ဒါးလက်ချောင်းဒေသဘက်မှ ဖြစ်ကြသည်ဟုလည်း သိရသည်။
နေရပ်ပြန်သွားသည့် ရွာဟောင်းကျေးရွာမှ ဦးအီစက်က "လောလောဆယ်တော့ အိမ်တွေဘာတွေတော့ပြင်ရဦးမယ်။ ရေရှည်ရပ်တည်ဖို့နဲ့ ပြန်လည်ထူထောင်ဖို့ အခက်အခဲတွေလည်း ရှိဦးမယ်"ဟုပြောသည်။
နေရပ်ပြန်ပို့လိုက်သူများအတွက် ငွေကြေးအချို့နှင့် အသုံးအဆောင်ပစ္စည်းအချို့ကိုလည်း ပြည်နယ်အစိုးရက ထောက်ပံ့လိုက်သည်ဟု သိရသည်။
လက်ရှိ အမ်းမြို့တွင် စစ်ဘေးရှောင်ဦးရေ ၁ဝဝ ကျော်သာကျန်ရှိတော့ပြီး ၄င်းတို့၏ရပ်ရွာအနီးတို့တွင် မိုင်းနှင့် စစ်လက်နက်အကြွင်းအကျန်များကို အစိုးရက ရှင်းလင်းမပေးသေးသည့်အတွက် နေရပ်ပြန်ရန်အဆင်သင့်မဖြစ်သေးဟု ပဲပဒုံစစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးသန်းချိုက ပြောသည်။
အမ်းမြို့ရှိ စစ်ဘေးရှောင်လူဦးရေ ၇၀၀ ခန့်ကို ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်က ပြည်နယ်ကောင်စီက နေရပ်ပြန်ပို့ခဲ့သည်။
ယင်းသို့ပြန်ပို့ရာတွင်လည်း ငွေကြေးအချို့နှင့် အသုံးအဆောင်ပစ္စည်းအချို့ကို အစိုးရက ထောက်ပံ့ခဲ့သည်ဟု သိရသည်။
အမ်းမြို့ရှိ စစ်ဘေးရှောင်များသည် ၂ဝ၁၉ နှင့် ၂ဝ၂ဝ ပြည့်နှစ်အတွင်းဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာကြသူများဖြစ်သည်ဟု သိရသည်။

ဆက်စပ် သတင်းများ