သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

မိုးသက်လေပြင်းတိုက်၍ စစ်ဘေးရှောင်စခန်းများမှ နေအိမ်အများအပြား ပြိုပျက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 5.5k

မြထွီးသျှင်
နိရဉ်စရာ၊ ဧပြီ ၂၀/၂၀၂၂
အချိန်အခါမဟုတ် မိုးသက်လေပြင်း ရုတ်တရက်တိုက်ခတ်ခဲ့မှုကြောင့် ရခိုင်ပြည်နယ် မြောက်ဦး၊ မင်းပြားနှင့် မြို့နယ်အချို့ရှိ စစ်ဘေးရှောင် စခန်းများမှ နေအိမ်များ ပြိုပျက်သွားကြောင်း သိရသည်။
ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှ မဌေးဌေးလွင်က " အိမ်တွေ နေစရာ မရတော့ဘူး၊ ပြိုသွားပြီ။ မိုးလည်းယိုတယ်။ အိမ်တွေကတော်တော်များများ ပြိုသွားတယ်။ ကျမတို့အိမ်တွေဆိုလည်း နေစရာမရတော့ဘူး။ တာပေါ်လစ် အချာတွေလည်း အားလုံး လွင့်သွားပြီ"ဟုပြောသည်။
မိုးသက်လေပြင်းတိုက်ခတ်မှုသည် မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့သော်လည်း ပြင်းထန် သဖြင့် စစ်ဘေးရှောင် စခန်းရှိ နေအိမ်များ ပြိုပျက်သွားခြင်း ဖြစ်ကြောင်း၊ လက်ရှိ နေစရာမရှိအောင်အထိ အခက်အခဲဖြစ်နေကြောင်း သူမက ပြောကြားသည်။
ကျောက်တော်မြို့နယ်၊ ဝါးတောင်စစ်ဘေးရှောင်စခန်းမှ နေအိမ် ၈၀ ခန့်မှာလည်း လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားကြောင်း ဝါးတောင် စစ်ဘေးရှောင်စခန်းမှ ကိုနိုင်ဝင်းထွန်းက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။
"ကျနော်တို့မှာ နေအိမ်တွေ အားလုံးပျက်စီးသွားတယ်။ ကျနော်တို့ အိမ်တွေအားလုံးလည်း လွှင့်ထွက်ကုန်တယ်။ အခုနေစရာမရှိတော့ဘူး။ နေအိမ်ခေါင်မိုးတွေက အားလုံးလွင့်ထွက်သွားပြီ။ နေအိမ် အလုံး ၈၀ လောက် ပြိုပျက်သွားတယ်"ဟု ၎င်းက ပြောသည်။
စစ်ဘေးရှောင်စခန်းများရှိနေအိမ်များမှာ နဂိုကပင် ခိုင်ခန့်မှုမရှိသည့်အတွက် ယခုကဲ့သို့ လေပြင်းတိုက်ခတ်ချိန်တွင် ပြိုပျက်သွားရခြင်းဖြစ်ကြောင်း မြောက်ဦးမြို့နယ် စင်းဘောကိုင်း စစ်ဘေးရှောင် စခန်းတာဝန်ခံက ပြောသည်။
"လောလောဆယ်မှာပျက်စီးသွားတဲ့စာရင်းကိုတော့ ကောက်နေတုန်းဘဲ။ သုံးချိုးနှစ်ချိုးလောက် ပျက်စီးသွားတယ်ပေါ့နော်။ တဲတွေကအယင်ကတည်းက ပျက်စီးနေတာဆိုတော့ အခုလေတိုက်တဲ့ အခါမှာ လုံးဝပျက်စီး သွားကြတာပေါ့နော်" ဟုပြောသည်။
ရခိုင်မှ စစ်တွေ၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်းတို့တွင် ယနေ့ နေ့လယ် အချိန်က တစ်နာရီ မိုင် ၇၀ နူန်းဖြင့် လေပြင်းများတိုက်ခတ်ခဲ့သည်ဟု ဒေသခံများ၏ပြောကြားချက်အရသိရသည်။

ဆက်စပ် သတင်းများ