အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

မီးဘေးသင့်မဟာမုနိစစ်ဘေးရှောင်စခန်းအတွက် ဂျပန်ရှိ ရခိုင်အမျိုးသားဒီမိုကရက်တစ်ပါတီနှင့် Arakan FC ဘောလုံးအသင်းတို့က ဆန်အိတ် ၄ဝဝ ခန့် ပူးပေါင်းလှူဒါန်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 1.6k

နိရ ဉ္စရာ၊ ဇွန် ၁၂ /၂ဝ၂၂
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ မီးဘေးသင့်မဟာမုနိစစ်ဘေးရှောင်စခန်းအတွက် ဂျပန်နိုင်ငံရှိ ရခိုင်အမျိုးသားဒီမိုကရက်တစ်ပါတီ(ANDP)နှင့် Arakan FC - Japan ဘောလုံးအသင်းတို့ပူးပေါင်းပြီး ဆန်အိတ် ၄ဝဝ ခန့်ကို ယနေ့တွင် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ယနေ့ ဇွန်လ ၁၂ ရက် နေ့လယ် ၂ နာရီခန့်တွင် အဆိုပါစစ်ဘေးရှောင်စခန်းများသို့ သွားရောက်လှူဒါန်းခဲ့ကြခြင်းဖြစ်သည်။
ယင်းသို့လှူဒါန်းရာတွင် ANDP ပါတီက ကျပ်သိန်း(၁၀၀)တန်ဖိုးရှိ ဆန်အိတ် ၃၄၄ အိတ်နှင့် Arakan FC -Japan ဘောလုံးအသင်းက ကျပ်(၁၅)သိန်းတန်ဖိုးရှိ ဆန်အိတ် ၅၂ အိတ် ၁၂ ပြည်တို့ကို လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု ANDP ပါတီဥက္ကဋ္ဌ ဦးဘုန်းမြင့်က နိရ ဉ္စရာကို ပြောသည်။
“စစ်ဘေးရှောင်ရခိုင်ပြည်သူတွေရဲ့အခက်အခဲတွေဟာ ကျွန်တော်တို့အခက်အခဲအဖြစ်မှတ်ယူပြီး စစ်ဘေးရှောင်ပြည်သူတွေရဲ့စားဝတ်နေထိုင်ရေး အခက်အခဲတွေအဆင်ပြေစေဖို့နဲ့ စစ်ဘေးရှောင်ပြည်သူတွေရဲ့ စိတ်ဓာတ်ခွန်အားတွေ တစိတ်တဒေသ တိုးတက်ရရှိစေလိုတဲ့အတွက် အခုလို လှူဒါန်းရတာဖြစ်ပါတယ်”ဟု ပြောသည်။
ယခုလှူဒါန်းမှုတွင် ဂျပန်ရောက် ပြည်သူများအနေဖြင့် ANDP-Japan မှတဆင့် ပူးပေါင်းပါဝင်လှူဒါန်းပေးကြသည့်အတွက်လည်း အလှူရှင်များအားလုံးကို ကျေးဇူးအထူးတင်ရှိသည်ဟုလည်း ဆိုသည်။
မဟာမုနိစစ်ဘေးရှောင်စခန်းတွင် မေလ ၉ ရက် ညဉ့်အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ရာ စစ်ဘေးရှောင်တဲအိမ် ၂၆၂ လုံး မီးလောင်ပျက်စီးခဲ့ပြီး လူပေါင်း ၁ ထောင်ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။
ANDP ပါတီအဖွဲ့ကိုယ်စားသွားရောက်လှူဒါန်းခဲ့သော မခင်ခင်စောက အဆိုပါမီးဘေးသင့်စစ်ဘေးရှောင်များအား သွားရောက်လှူဒါန်းခဲ့ရာ သူတို့တွင် လိုအပ်ချက်လည်း အများကြီးမြင်ခဲ့ရသည်ဟု ပြောသည်။
"ကျွန်မ ဒီစစ်ဘေးရှောင်တွေကိုမြင်ရတဲ့အချိန်မှာ ဝမ်းနည်း ဝမ်းသာဖြစ်ရပါတယ်။ ပြောပြဖို့မတတ်အောင်လည်းခံစားရပါတယ်"ဟု ပြောသည်။
ANDP ပါတီသည် မြောက်ဦးမြို့နယ် တိန်ညိုစစ်ဘေးရှောင်စခန်းမီးဘေးသင့်ခဲ့စဉ်ကလည်း ကူညီလှူဒါန်းခဲ့ဖူးသည်ဟု ပြောသည်။ (NN-13)

ဆက်စပ် သတင်းများ