စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ရခိုင်တွင် နှစ်ဘက်စစ်ရေးတင်းမာနေ၍ စစ်ဘေးရှောင် ၂ ထောင်ခန့်တိုးလာနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 4.3k

နိရ ဉ္စရာ၊ ဇူလိုင် ၂၂/၂၀၂၂
လက်ရှိ ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာစစ်တပ်တို့ နှစ်ဘက်စစ်ရေးတင်းမာမှုများရှိလာနေ၍ စစ်ဘေးရှောင်သူဦးရေ ၂ ထောင်ခန့် တိုးလာနေကြောင်း သိရသည်။
ရသေ့တောင်မြို့နယ်မှ ပြားချောင်းကြီး၊ အလယ်ရွာ၊ ကြိမ်သာ၊ ထွန်းရ ဝေ အစရှိသည့် ကျေးရွာများမှ လူဦးရေ ၂ ထောင်ခန့်သည် တိုက်ပွဲများ တကျော့ပြန်ဖြစ်လာမည်ကို စိုးရိမ်ကြောက်လန့်၍ ၎င်းတို့နှင့် နီးစပ်ရာ ကျေးရွာများဖြစ်သော လေးကန်၊ အဝတာ၊ ကျောက်ဆုံ ဘက်ကျေးရွာများသို့ ပြီးခဲ့သည့်ရက်ပိုင်းမှစတင်ကာ တိမ်းရှောင်မှုများ ပြုလုပ်လာနေကြခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတိမ်းရှောင်နေကြသည့် စစ်ဘေးရှောင်အများအပြားသည် ရသေ့တောင်မြို့ပေါ်ထက် အနီးအနားရှိကျေးရွာများတွင် သွားရောက် တိမ်းရှောင်ခိုလှုံနေကြခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်များအား ကူညီပေးနေသည့် ရသေ့တောင်ဒေသခံတစ်ဦးက ပြောသည်။
"နီးစပ်ရာကျေးရွာတွေကို ပြေးကြတာများတယ်။ ဒုက္ခသည်စခန်းတွေကို ရောက်လာတာတော့သိပ်မရှိဘူး။ မြို့ပေါ်ကိုလည်း တချို့တလေတော့ ရောက်ကြတယ်။ မြို့ပေါ်ကိုရောက်လာတဲ့သူတွေကျတော့ Camp တွေထက် ကိုယ့်ဆွေမျိုးတွေ၊ မိတ်ဆွေတွေနေအိမ်မှာ ခိုလှုံနေကြတာများတယ်" ဟုပြောသည်။
လက်ရှိတွင် ၄င်းတို့၏ စားသောက်နေထိုင်ရေးအတွက် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသည်ဟု သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်က ရသေ့တောင်မြို့အပြင်ဘက်တွင်ရှိသည့် ပြားချောင်းကြီးကျေးရွာသို့ စစ်ကောင်စီစစ်ကြောင်းတစ်ခုဝင်ရောက်လာခဲ့ပြီး နောက်ပိုင်းမှစ၍ ဒေသခံအများအပြားမှာ ကြောက်လန့်စိုးရိမ်မှုများဖြစ်ကာ အနီးအနားရှိကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်လာနေခဲ့ကြခြင်းဖြစ်သည်။
ဒေသခံတစ်ဦးက "ပြားချောင်းကြီးဘက်ကိုစစ်ကြောင်းထိုးပြီးတော့ စစ်ဆေးရေး လုပ်တယ်။ နောက်ပြီးတော့ မြို့အဝင်ကိုလည်း ပိတ်ဆို့ထားလိုက်တဲ့အခါ လူတွေစိုးရိမ်စိတ်က ပိုများလာတယ်။ တိုက်ပွဲတွေပြန်ဖြစ်လာမလားဆိုပြီးတော့။ နှစ်ဘက်စစ်ဆေးပြနေတာတွေကိုလည်း ဒေသခံတွေကရိပ်မိတဲ့အခါ အစိုးရိမ်လွန်ပြီး ကြိုတင်ရှောင်နေကြတာဖြစ်ပါတယ်" ဟုပြောသည်။
ရခိုင်တွင် ယခုလအစောပိုင်းအထိ နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်ဦးရေ ၆ သောင်းကျော်ခန့်ကျန်ရှိနေချိန်တွင် ယခုထပ်မံ၍ လူဦးရေ ၂ ထောင်ခန့်တိုးလာနေခြင်းဖြစ်သည်။
ထို့အပြင် စစ်ကောင်စီတပ်များသည် ရသေ့တောင်မြို့အပြင်ဘက် ပြားချောင်းကြီးတံတားအနီးတွင်ရှိသည့် စစ်ဘေးရှောင်စခန်းများ ခိုလှုံ လျက်ရှိသော ဘုန်ကြီးကျောင်းများတွင်လည်း ဝင်ရောက် စခန်းချ နေထိုင်မှုများ ရှိနေသဖြင့် စစ်ရှောင်စခန်းနေပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်မှု ရှိခဲ့သည်။
လက်ရှိတွင် ရသေ့တောင်မြို့ အဝင်ချောင်း၀အနီးရှိ မေယုမြစ်ထဲတွင် ဇက်သင်္ဘောနှစ်စင်းက ကျောက်ချကာ စက်လှေ အထွက်အဝင်များကို စစ်ဆေးမှုများပြုလုပ်နေကာ မြို့ထဲ ရှိနေရာတိုင်းနီးပါးတွင် စစ်ဆေးရေးများ ပြုလုပ်နေကာ ရသေ့တောင် မြို့ခံများက ပြောသည်။
ပြီးခဲ့သည့်ဇူလိုင်လ ၁၈ ရက်က မောင်တောမြို့နယ်တွင် ရက္ခိုင့်တပ်တော်နှင့် မြန်မာစစ်တပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ရာမှ စစ်ရေးတင်းမာလာခဲ့ပြီး တိုက်ပွဲ ဖြစ်ပွားခဲ့သည့် အနီးအနားကျေးရွာများမှ ဒေသခံပြည်သူများကိုလည်း စစ်ကောက်စီဘက်က ဖမ်းဆီးမှုများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းနေ့ကဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင့် မောင်တောမြို့နယ် မြဝတီ ကျေးရွာသားများသည်လည်း နီးစပ်ရာ ကျေးရွာများနှင့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများကို ထွက်ပြေးခဲ့ရသည်။
လက်ရှိတွင် နေရပ်ပြန်သွားကြသူများလည်း ရှိသလို မပြန်ရဲသူများလည်း ရှိနေသေးသည်ဟု သိရသည်။ (NN-8)
ဓာတ်ပုံ - မောင်တောမြို့နယ် မြဝတီကျေးရွာသားများ ထွက်ပြေးခဲ့သည်ကိုတွေ့ရစဉ်။ Photo - မာရယု
(Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)
အင်္ဂလိပ်သတင်း - www.narinjara.com
မြန်မာသတင်း - https://burmese.narinjara.com/
သတင်းဖေ့စ်ဘုတ်ပေ့ချ် - https://www.facebook.com/narinjara.info/
ရေဒီယိုသတင်း - https://www.facebook.com/Narinjara-Radio-107181441819656

ဆက်စပ် သတင်းများ