ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

စစ်ရေးတင်းမာနေမှုကြောင့် ရသေ့တောင်မှထွက်ပြေးသွားသူများ နေထိုင်စားသောက်ရေးခက်ခဲနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 5.4k


နိရဥ္စရာ၊ ဇူလိုင် ၂၄ / ၂ဝ၂၂
ရခိုင်ပြည်နယ် ရသေ့တောင်မြို့တွင် စစ်ရေးတင်းမာနေမှုကြောင့် ထွက်ပြေးသွားသူများတွင် နေထိုင်စားသောက်ရေးခက်ခဲနေသည်ဟု သိရသည်။
ထွက်ပြေးသွားသူများတွင် ရသေ့တောင်မြို့အဝင်မှ စစ်ဘေးရှောင်စခန်းများရှိသည့် ပြည်လုံးချမ်းသာဘုန်းတော်ကြီးကျောင်း၊ ရွှေပါရမီဘုန်းတော်ကြီးကျောင်းနှင့် ပညာပါရမီဘုန်းတော်ကြီးကျောင်းတို့မှ စစ်ဘေးရှောင်များနှင့် မြို့အဝင်ရှိ ပြားချောင်းကြီး၊ အလယ်ရွာချေနှင့် ပြင်ခေါင်စသည့်ကျေးရွာမှ ဒေသခံများပါဝင်သည်ဟု သိရသည်။
သူတို့သည် ရသေ့တောင်မြို့နယ်အတွင်း အဝဒါ၊ လေးကန်၊ ကျောက်ဆုံနှင့် လုံခြုံမည်ဟုထင်ရသည့် အခြားကျေးရွာအချို့သို့ ပြီးခဲ့သည့် ရက်ပိုင်းမှစတင်ကာ ထွက်ပြေးနေကြခြင်းဖြစ်သည်။
ထွက်ပြေးသွားသည့်လူဦးရေအတိအကျကိုခန့်မှန်းရခက်သော်လည်း အဝဒါကျေးရွာတစ်ရွာတည်းတွင် လူဦးရေ ၁ ထောင်ကျော်ရှိပြီး ယင်းရွာဘုန်းကြီးကျောင်းထဲတွင် လူဦးရေပြည့်လျှံနေ၍ ရွာထဲရှိ နေအိမ်များတွင် ကပ်ခိုနေကြရသည်ဟု ကျောင်းထိုင်ဆရာတော် ဦးနာရဒက နိရဥ္စရာကိုမိန့်သည်။
“ဦးဇင်းတို့ကျောင်း အဆောင်တွေမှာတော့ အားလုံး အပြည့်ပဲ။ မိုးရွာလို့ရှိရင် အိပ်လို့မရဘူး။ လူများလို့ ထိုင်နေကြရတယ်။ စားရေးသောက်ရေးက တစ်အိမ်ကို ၅ ယောက်တတ်နိုင်ရင် ၅ ယောက်ကျွေး။ အဲလိုလည်း ကျွေးကြတယ်။ တချို့ရွာနီးနားချင်းရွာတွေကနေ အဲလို ဆန်တွေသွားယူတယ်။ ပြီးတော့ ချက်စားကြတယ်။ အဲလိုနေနေကြပါတယ်”ဟု မိန့်သည်။
ယင်းအပြင် ထွက်ပြေးလာသူများတွင်ပါလာသည့်အစားအသောက်များကို လောလောဆယ်တွင် မျှစားနေကြရပြီး လာရောက်ထောက်ပံ့သူများလည်း မရှိကြသေးဟု ထွက်ပြေးလာသူများက ပြောသည်။
အဝဒါဘုန်းကြီးကျောင်းတွင်ခိုလှုံနေသည့်အမျိုးသမီးတစ်ဦးက “စစ်ဘေးရှောင်စခန်းတွေက ပြေးလာသူတွေမှာတော့ အများကြီး အဆင်မပြေဘူး။ သူတို့မှာက အလုပ်မရှိ၊ အကိုင်မရှိဘူးလေ”ဟု ပြောသည်။
ထွက်ပြေးလာသူများတွင် ကလေးသူငယ်များ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများလည်း ပါဝင်သည်ဟု သိရသည်။
ထွက်ပြေးလာသူများသည် ရသေ့တောင်မြို့အဝင်အထွက်နေရာများတွင် ဇူလိုင်လ ၁၈ ရက်မှစတင်ကာ စစ်ရေးတင်းမာနေမှုကြောင့် လုံခြုံရေးစိုးရိမ်၍ ထွက်ပြေးခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။
လက်ရှိအချိန်အထိလည်း ရသေ့တောင်မြို့အဝင်ရှိ စစ်ဘေးရှောင်စခန်းတည်ရှိရာ ဘုန်းကြီးကျောင်းအချို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားကြပြီး မြို့တွင်းတွင်လည်း စစ်အင်အားအပြည့်နေရာချထားသည်ဟု ဒေသခံများက ပြောသည်။
ယင်းကြောင့် ထွက်ပြေးလာသူများသည် မည်သည့်အချိန်တွင် နေရပ်ကိုပြန်နိုင်မည်ဆိုသည်ကိုမခန့်မှန်းနိုင်သေးဟုလည်း အဝဒါကျေးရွာကျောင်းထိုင်ဆရာတော် ဦးနာရဒက မိန့်သည်။
“သူတို့ကတော့ လက်ရှိအချိန်ထိ မပြန်ရဲကြသေးဘူး။ ဒီလိုသာ ရေရှည် ကိုယ့်အိမ်ကိုယ် မပြန်နိုင်ရင်တော့ အစားအသောက်တွေ ပိုခက်လာမယ်။ ရွာကလည်း ဘယ်လောက်ထိ ကျွေးနိုင်မလဲ”ဟု မိန့်သည်။
ယခုထွက်ပြေးလာသူများသည် အဝဒါကျေးရွာအပြင် နီးစပ်ရာကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများနှင့် နေအိမ်များတွင် ယာယီကပ်ခိုနေနေကြရပြီး စားဝတ်နေရေးနှင့် ကျန်းမာရေးစောင့်ရှောက်ပေးမှုများလည်း အရေးပေါ်လိုအပ်လျက်ရှိသည်ဟု သိရသည်။
ဓာတ်ပုံ - အဝဒါကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေကြသူများအားတွေ့ရစဉ်။
(Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)
အင်္ဂလိပ်သတင်း - www.narinjara.com
မြန်မာသတင်း - https://burmese.narinjara.com/
သတင်းဖေ့စ်ဘုတ်ပေ့ချ် - https://www.facebook.com/narinjara.info/
ရေဒီယိုသတင်း - https://www.facebook.com/Narinjara-Radio-107181441819656

ဆက်စပ် သတင်းများ