အင်္ဂါ၊ ဧပြီလ ၁၆ရက်၊ ၂၀၂၄

လူကယ်ပြန်မှ ထောက်ပံ့သည့် ဆန် ၂လစာအတွက် မရောက်သေး၍ မိုးတွင်းကာလ ရခိုင်ကစစ်ရှောင်များအခက်အခဲကြုံ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 3.5k

နိရဉ္စရာ၊ ဇူလိုင် ၂၈/၂၀၂၂
စစ်ကောင်စီ၏ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ရခိုင် စစ်ဘေးရှောင်စခန်းများသို့ လစဉ် ထောက်ပံ့ပေးနေသည့် ဆန်ရိက္ခာမှာ ဇွန်၊ ဇူလိုင် (၂) လအတွက် မရောက်ရှိလာသေးသဖြင့် ဆန်ပြတ်လပ်ကာ အခက်အခဲနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ဆိုသည်။
ပုဏ္ဏားကျွန်းမြို့နယ်၊ ရေဖြူကန်စစ်ဘေးရှောင်စခန်းမှ တာဝန်ခံဦးသန်းဌေးက " ဇွန်လနဲ့ ဇူလိုင်လ အတွက် လူကယ်ပြန်က ဆန်ရိက္ခာ မရောက်သေးဘူး။ ဩဂုတ်ဆိုရင် သုံးလ ရောက်တော့မှာ။ ကျနော်တို့မှာ စားရေးသောက်ရေးက အရမ်းအခက်အခဲ ဖြစ်နေပါတယ်။ ဘာလို့လဲဆိုတော့ ကုန်စျေးနှုန်းကလည်း တက်လာတယ်၊ မိုးတွင်းဆိုတော့ အလုပ်တွေကလည်း ရှားပါးတော့ စားရေးသောက်ရေး လုံးဝအခက်အခဲရှိနေပါတယ်" ဟုပြောသည်။
အဆိုပါရေဖြူကန်စစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၁၅၀ စုနှင့် လူဦးရေ ၅၅၄ ဦးတို့ရှိကြောင်း သိရသည်။
စစ်ဘေးရှောင်စခန်းများသို့ အစိုးရမှ ယခင်က လတိုင်း အိမ်ထောင်စုအလိုက် ဆန်ထောက်ပံ့မှုများ ရှိခဲ့သော်လည်း လက်ရှိ စကစ ပြည်ထောင်စုဝန်ကြီး ဒေါ်သက်သက်ခိုင်လက်ထက်တွင် ရခိုင်စစ်ဘေးရှောင်များအား အရေးစိုက် ကူညီမှုမှာ တဖြည်းဖြည်းအားနည်းလာခဲ့သည် စစ်ဘေးရှောင်များကပြောသည်။
အမ်းမြို့နယ် ပဲပဒုံစခန်းတာဝန်ခံ ဦးသန်းချိုက "အခုလောလောဆယ်စခန်း အတွက်ကတော့ ဆန် အရမ်းလိုအပ်နေတယ်။ ဆန်မရှိတော့ အားလုံး အခက်အခဲ ဖြစ်ကြရတယ်။ ကုန်ခဲ့တဲ့ ခြောက်လပိုင်း ကဆိုရင် ဆန်ရိက္ခာက ပြတ်သွားတာဆိုတော့ အသိတွေဆီကနေ ချေးငှားပြီး ဝယ်ပေးထားရတာပေါ့။ စခန်းကလူတွေကိုအလုပ်လုပ်ခွင့်တော့ပေးထားတယ်။ ဒါပေမယ့် အခုလောလောဆယ်မှာတော့ အလုပ်အကိုင်က ရှားပါးနေပါတယ်" ဟုပြောသည်။
အမ်းမြို့ရှိ လူဦးရေ ၆၄ ဦးနေထိုင်သည့် ပဲပဒုံစစ်ဘေးရှောင်စခန်းတွင် အစိုးရမှ လစဉ်ထောက်ပံ့သည့် ဆန်မရရှိသည်မှာ နှစ်လရှိနေပြီဖြစ်ပြီး စေတနာရှင် အလှူရှင်များမှာလည်း လာလှူဒါန်းမှုနည်းပါးနေကာ နီးစပ်သူများထံမှ ချေးငှါးကာ စားရေးသောက်ရေးပြသနာကို ဖြေရှင်းနေရကြောင်း ၎င်းက ပြောဆိုသည်။
ထို့အပြင် စစ်ဘေးရှောင်စခန်းများတွင် စစ်ရှောင်နေကြသည့် ပြည်သူ အများစုမှာ နေ့စားအလုပ်သမား ဖြစ်ကြပြီး အလုပ်အကိုင်ရှားပါးသဖြင့် ပုံမှန် အလုပ်အကိုင်မရှိကြကြောင်း၊ သို့အတွက် မိသားစု စားဝတ်နေရေးကို အလုပ် လုပ်၍ဖြေရှင်း၍ မလုံလောက်ကြောင်း စစ်ဘေးရှောင်များက ပြောသည်။
ယခုကဲ့သို့ စားနပ်ရိက္ခာထောက်ပံ့မှုများမရရှိသည့်အတွက် စစ်ဘေးရှောင်များ အနေဖြင့် ဆင်းရဲ ကျပ်တည်းမှုများရှိလာနေကာ နောင်အခါတွင် ခိုးဆိုးလုယက်မှုများလည်း ဖြစ်ပေါ် လာနိုင်ကြောင်း သူကဆက်ပြောသည်။
ရခိုင်ရှိစစ်ဘေးရှောင်စခန်းများသို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP)မှ လစဉ် လူတစ်ဦးကို ငွေကျပ် ၁၈၀၀ ကျပ်စီ ထောက်ပံ့ပေးမှုများရှိသော်လည်း အဆိုပါထောက်ပံ့ငွေဖြင့် စားဝတ်နေရေးကျပ်တည်းမှုကို မဖြေရှင်းနိုင်ကြောင်း ဒေသခံများကပြောသည်။
ရခိုင်တွင် လက်ရှိ အချိန်တိ စစ်ဘေးရှောင် ၆ သောင်းကျော် ကျန်ရှိနေသေးပြီး အများစုမှာ စားဝတ်နေရေးအခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။

ဆက်စပ် သတင်းများ