တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

စစ်ရေးတင်းမာနေသော်လည်း ရိက္ခာနှင့်နေထိုင်ရေးအခက်အခဲကြောင့် ရသေ့တောင်ဒေသခံတို့ အရဲစွန့်ကာနေရပ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 658

နိရဥ္စရာ၊ ဩဂုတ် ၂၆/၂၀၂၂

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် စစ်ရေးတင်းမာမှုများ ဆက်ရှိနေသော်လည်း စားရေးသောက်ရေးနှင့် နေထိုင်ရေးအခက်အခဲတို့ကြောင့် ထပ်တိုစစ်ဘေးရှောင် ၉၀၀ ကျော်ခန့်သည် အရဲစွန့်ကာ ၎င်းတို့၏ နေရပ်အသီးသီးသို့ပြန်သွားကြသည်ဟု သိရသည်။

ရသေ့တောင်မြို့နယ်တွင် ထပ်တိုးစစ်ဘေးရှောင် ဦးရေ ၁၈၀၀ ခန့်အနက် ၉ဝဝ ခန့်သည် ယခုရက်ပိုင်းမှစတင်ကာ ၄င်းတို့၏နေရပ်သို့ ပြန်နေကြပြီဟု စစ်ဘေးရှောင်အရေး ကူညီပေးနေသူ တစ်ဦးက  နိရဥ္စရာကိုပြောသည်။

"လက်ရှိမှာနေရပ်ပြန်နေကြတဲ့ သူတွေ ထက်ဝက်နီးပါးလောက်ရှိနေကြပါပြီ။ ဒီတစ်ရက်နှစ်ရက်မှာ ဆိုရင်တော့ ပိုပြီးပြန်ကြလိမ့်မယ်လို့ ထင်ပါတယ်။ တိုက်ပွဲမဖြစ်ရင်တော့ ပြန်ကြမှာပေါ့။ တိုက်ပွဲ ပြန်ဖြစ်ရင် ပြန်လာချင်လာကြလိမ့်မယ်" ဟုပြောသည်။

နေရပ်ပြန်နေသည့်စစ်ဘေးရှောင်များမှာ ကိုးတန်ကောက်၊ ချိန်ခါလိန်၊ ကြံတိုင်းအောင်၊ ဒုံးပိုက်၊ အောင်သုခကျေးရွာတို့မှဖြစ်ကြသည်။

အခုက စစ်လည်းမဖြစ်တော့ဘူးလေ။ သူတို့ ထပ်နေဦးမယ်ဆိုရင်လည်း ကုန်စျေးနှုန်းတွေကတက်နဲ့ နေရထိုင်ရ စားရသောက်ရ အဆင်မပြေဘူး။ ဒါကြောင့် ပြန်နေကြတာဟု ၎င်းကပြောသည်။

နောက်ထပ်လည်း နေရပ်ပြန်မည့်သူ အများအပြားရှိနေသေးသည်ဟု သိရသည်။မပြန်ဘဲကျန်နေသေးသူများသည် လက်ရှိတွင် နီးစပ်ရာကျေးရွာများရှိ ဘုန်းကြီးကျောင်းနှင့် ဒေသခံများ၏ နေအိမ်များ၌ မှီခိုနေထိုင်နေကြရပြီး စားဝတ်နေရေးအခက်အခဲများနှင့် ခြင်ထောင်များ၊ အဝတ်အထည်များ၊ အမျိုးသမီးအသုံးအဆောင်များ၊ အရေးတကြီး အိမ်သာများလိုအပ်နေသည်ဟု သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်က ရသေ့တောင်မြို့နယ် ချိန်ခါလိန်ရွာနှင့် ဒုံးပိုက်ရွာကြားမှာ စစ်ဖြစ်ပွားခဲ့မှုနှင့် စစ်ရေးတင်းမာနေမှုတို့ကြောင့် အနီးအနားကျေးရွာများမှ ဒေသခံ ၁၈ဝဝ ခန့်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရခြင်းဖြစ်သည်။ (NN-13)

ဆက်စပ် သတင်းများ