သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

တရားဥပဒေနှင့်မညီဘဲ သားဖြစ်သူအားဖမ်းဆီးချုပ်နှောင်ထားမှုအပေါ် မိဘဖြစ်သူများကန့်ကွက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဇူလိုင် ၂၀၂၀
  • | ကြည့်ရှုသူ: 2.5k

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဉ္စရာ၊ ဇူလိုင် ၁၈/ ၂၀၂၀

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်၊ ပေါက်တောပလောင်ကျေးရွာမှ ကိုမောင်ကျော်လိူင် (၃၁) နှစ်အား ဧပြီလ ၅ ရက်နေ့ကတည်းက ဖမ်းဆီးထားပြီး ယနေ့အချိန်ထိ တရားစွဲဆိုမှု မရှိသဖြင့် မိဘဖြစ်သူများက တရားဥပဒေနှင့် မညီဟု ဆိုကာ ယနေ့ ကန့်ကွက်လိုက်သည်။

မိဘနှစ်ဦးဖြစ်ကြသည့် ဦးသန်းမြနှင့် ဒေါ်စန်းစန်းအေးတို့မှ ယနေ့ ဇူလိုင် ၁၈ ရက်နေ့ စစ်တွေမြို့ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများရုံးတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ ကန့်ကွက်ခဲ့ကြခြင်း ဖြစ်သည်။ 

ဖမ်းဆီးခံထားရသူ မောင်ကျော်လှိုင်၏ ဖခင်ဖြစ်သူ ဦးသန်းမြက “ ကျွန်တော်သားက ဧပြီလ ၅ ရက်နေ့မှာ ကျောက်တော်မြို့နယ် ပေါက်တောပလောင်ကျေးရွာကနေ တင်းမရွာကို လက်သမား ပစ္စည်းတွေကို ယူဆောင်သွားတယ်။ တပ်ကနေ တောင်ရှည်တောင်အနီးမှာ ဖမ်းတယ်။ ဇွန်လ ၃ ရက်နေ့မှာ ကျွန်တော်သား စစ်တွေ အမှတ်(၁) ရဲစခန်းမှာရောက်နေတယ်ဆိုပြီး ဖုန်းဆက်တယ်။ ဖုန်းဆက်သူ နာမည်တော့ ပြောမသွားဘူး။ ကျွန်တော် စစ်တွေကို လိုက်သွားတော့ ၆ လပိုင်း ၁၀ ရက်နေ့မှာ သူ့ကို စစ်တွေခရိုင်ရုံးမှာ ရုံးတင်တယ်။ အဲဒီမှာတွေ့ခွင့်ရတယ်။ ဇွန်လ ၁၇ ရက်နေ့မှာ တစ်ကြိမ် ရုံးတင်တယ်။ ရုံးတင်တာနှစ်ကြိမ် ရှိပါပြီ” ဟု ပြောသည်။

ထိုသို့ နှစ်ကြိမ်ရုံးတင်ရာတွင် တရားစွဲဆိုရန် အမှုမပေါ်ပေါက်သဖြင့် တရားစွဲဆိုနိုင်ခြင်း မရှိသဖြင့် ၎င်းအား စစ်တွေခရိုင်မှ မြောက်ဦးခရိုင်သို့ လွှဲပြောင်းရန် စီစဉ်နေသည်ဟု ဆိုသည်။

လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့မှာ ဥပဒေရေးရာ တာဝန်ရှိသူ ဦးဇော်ဇော်မင်းက “ တာဝန်ရှိ ရဲအရာရှိတစ်ဦးပြောတာက သူက မြောက်ဦးခရိုင်က လူဖြစ်တဲ့ အတွက် စစ်တွေကနေ မြောက်ဦးကို လွဲမယ်လို့ ပြောတယ်”ဟု ပြောဆိုသည်။

မောင်ကျော်လှိုင်အား ဇွန်လ ၃ ရက်နေ့မှ အမှုဖွင့်ပြီး ရမန်ရက်ပေါင်း ၃၀ ယူပြီး စစ်ဆေးသော်လည်း အမှုမပေါ်ပေါက်ပါက တရားဥပဒေကြောင်းအရ လွတ်ပေးရန်သာရှိကြောင်း ဖခင်ဖြစ်သူ ဦးသန်းမြက ပြောဆိုသည်။

ရခိုင်ပြည်နယ် လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ ဥက္ကဋ္ဌ ဦးမြတ်ထွန်းက “ ဇွန်လ ၃ ရက်နေ့မှာ စစ်တပ်ကနေပြီး စစ်တွေမြို့ အမှတ် (၁) ရဲစခန်းကို လာရောက်အပ်နှံပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ၅၀ (က)၊ ၅၂ (က) နဲ့ အမှုဖွင့် တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။ ရမန်ကြီးလည်း နှစ်ကြိမ်ယူပြီးပြီ။ ဒါပေမယ့် အခု သုံးလကျော်ကြာလာတဲ့ အထိ တရားစွဲဆိုနိုင်ခြင်း မရှိသေးဘူး။ သူဟာ နိုင်ငံသားတစ်ဦးဖြစ်ပေမယ့် ဥပဒေကြောင်းအရ အကာအကွယ် မရဘဲဖြစ်နေတယ်။ ဒီအတွက် တရားမျှတမှုရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားမယ်။ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ကိုလည်း တိုင်ကြားသွားမယ်။ ဖြစ်နိုင်မယ်ဆိုရင် အမှုပြန်ဖွင့်နိုင်အောင်ကြိုးစားဆောင်ရွက်သွားမယ်” ဟု ပြောကြားသည်။

ယနေ့သတင်းစာရှင်းလင်းပွဲတွင် မိခင်ဖြစ်သူ ဒေါ်စန်းစန်းအေးက သူမ၏ သားမှာ လက်သမား အတတ်ပညာဖြင့် ရိုးရိုးသားသားလုပ်ကိုင်စားသောက်နေသူ ဖြစ်၍ အမှုမပေါ်ပေါက်ပါက ပြန်လွှတ်ပေးသင့်ကြောင်း၊ သူမ၏ သားတွင် နှိပ်စက်ခံထားရသည့် လက္ခဏာများတွေ့ရသဖြင့် စိုးရိမ်ကြောင်း၊ သားဖြစ်သူ၏ ကိုယ်ပေါ်တွင် မီးလောင်ထားသည့် ဒဏ်ရာများ၊ ဆေးလိပ်ပိုင်းနှင့် ထိုးထားသည့် ဒဏ်ရာများကိုလည်းတွေ့ရကြောင်း၊ သားဖြစ်သူအတွက် ကျန်းမာရေးကိုလည်း စိုးရိမ်ကြောင်း ပြော ကြားသွားသည်။

အဆိုပါ အမှုကိစ္စနှင့် ပတ်သက်ပြီး စစ်တွေမြို့မ ရဲစခန်းမှူး ရဲမှူးဦးအောင်မြဦးသို့ ဆက်သွယ်ရာ ဖုန်းကိုင်သော်လည်း ၎င်းအမှုနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ မှတ်ချက်ပြု ပြောကြားခြင်း မရှိပါ။

ဆက်စပ် သတင်းများ