ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

စစ်ရေးအရ အရေးပါသော ပုဏ္ဏားကျွန်း-ရသေ့တောင်ကားလမ်းရှိ တံတားတစ်စင်း မီးရှို့ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 7.4k

သဥ္ဇာနွယ်

နိရဥ္စရာ၊ နိုဝင်ဘာ ၁၁ / ၂၀၂၁

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း-ရသေ့တောင်ကားလမ်းတွင် သစ်သားဘေလီတံတားတစ်စင်း မီးရှို့ခံခဲ့ရကြောင်း သိရသည်။

မီးရှို့ခံခဲ့ရသောတံတားမှာ ပုဏ္ဏားကျွန်း-ရသေ့တောင်ကားလမ်းပေါ်ရှိ ပုဏ္ဏားကျွန်းမြို့နယ်အပိုင် ကျောက်သံခြေရွာနှင့် ကြိမ်သာကျေးရွာကြားတွင်ရှိသော ဝါးခုတ်ချောင်းသစ်သားဘေလီဖြစ်သည်။

အဆိုပါတံတားသည် ယမန်နေ့ နိုဝင်ဘာ ၁၁ ရက် နံနက်အစော ၅ နာရီခန့်က မီးရှို့ခံခဲ့ရခြင်းဖြစ်သည်ဟု ပုဏ္ဏားကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းက နိရဥ္စရာကို အတည်ပြုပြောသည်။

ဖြစ်စဉ်အတိကျကိုတော့ မသိဘူး။ လမ်းသွားလမ်းလာ ကားသမားတွေသတင်းပေးလို့ သိတာပါဟု ပြောသည်။

မီးလောင်မှုကြောင့် တံတားအလယ်တွင် ၃ ပေခန့်ပျက်စီးသွားပြီး လက်ရှိတွင် ပျက်စီးသွားသည့်နေရာအား ပြန်လည်ပြုပြင်ထားပြီဖြစ်၍ ကားများ သွားလာ၍ရနေပြီဟု ပုဏ္ဏားကျွန်း-ရသေ့တောင်ပြေးဆွဲနေသည့် ယာဉ်မောင်း ဦးရွှေနီက ပြောသည်။

မနက် ၃ နာရီလောက်ကလောင်တာ မြင်တယ်လို့ ရွာကလူတွေပြောကြတယ်။ မီးလောင်တာမဟုတ်ဘူးထင်တယ် ရှို့မီးပါ။ ဘယ်ကရှို့တာလဲတော့ သိပ်မသိဘူးဟု ပြောသည်။

အဆိုပါတံတားကို မည်သူမည်ဝါက မီးရှို့သွားသည်ကို မသိရသေးဘဲ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေသည်ဟုလည်း သိရသည်။

၎င်းတံတားအရှည်မှာ အလျား ၁၂၀ ပေနှင့် အကျယ် ၁၈ ပေရှိသည်ဟု သိရသည်။

၎င်း ပုဏ္ဏားကျွန်း-ရသေ့တောင်ကားလမ်းတွင် စစ်တပ် စစ်ဆေးရေးဂိတ် ၃ ခုရှိကြောင်း သိရသည်။

ဆက်စပ် သတင်းများ