စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ဦးခေါင်းတွင် ကျည်စရှိနေသေးသည့် မနှင်းယုလှိုင်ကို နောက်ထပ် ၆ လအကြာ၌ ဆေးခန်းပြန်ပြရန်ထပ်ချိန်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 5.2k

သဥ္ဇာနွယ်
နိရဥ္စရာ၊ ဒီဇင်ဘာ ၂၈ / ၂၀၂၁
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ညောင်ကန်ကျေးရွာမှ ဦးခေါင်းတွင်လက်နက်ကြီးကျည်စရှိနေသေး၍ ရန်ကုန်တွင် ဆေးခန်းပြနေရသည့် မနှင်းယုလှိုင်ကို နောက်ထပ် ၆ လကြာမှ ဆေးခန်းပြန်ပြရန် ထပ်ချိန်းလိုက်သည်ဟု ဖခင်ဖြစ်သူ ဦးမောင်ဖြူသီးက ပြောသည်။
"ဆရာဝန်က အချိန်ယူပြီးကု ရမှာလို့ပြောတယ်။ ရှိတာတွေအကုန်ရောင်းပြီး ဆေးလာကုတာပါ။ လှူတဲ့သူတချို့ရှိတယ်။ နောက် ၆ လကြာရင် ပြန်လာပြရမယ်"ဟု ပြောသည်။
မနှင်းယုလှိုင်သည် မိဘနှစ်ဦးနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့ရှိ မဟာမြိုင်ဆေးရုံကြီးတွင် ယမန်နေ့ ဒီဇင်ဘာလ ၂၇ ရက် ညနေပိုင်းက သွားရောက်ပြသစဉ် ယခုကဲ့သို့ ထပ်မံချိန်းဆိုလိုက်ခြင်းဖြစ်သည်။
သူမ၏ဦးခေါင်းရှိကျည်ဆံအား အချိန်ယူပြီးဆေးကုသရမည်ဖြစ်သည့်အပြင် ဒဏ်ရာမှာ ဦးခေါင်းတွင်ဖြစ်နေ၍ ခွဲစိပ်ရန် မလွယ်ကူသေးဟုလည်း ဖခင်ဖြစ်သူက ပြောသည်။
အသက် ၂၂ နှစ်ရှိပြီဖြစ်သည့် မနှင်းယုလှိုင်သည် သမိုင်းမေဂျာအထူးပြု အဝေးသင်နောက်ဆုံးနှစ်တက်ရောက်ရန် ဖောင်တင်ထားသူလည်းဖြစ်သည်။
ဆေးခန်းပြန်ပြရန်ချိန်းဆိုလိုက်သည့် ၆ လအတွင်း အဝေးသင်တက္ကသိုလ်ပြန်ဖွင့်ပါကလည်း စီစဉ်ထားသည့်အတိုင်း မပျက်မကွက်တက်ရောက်သွားမည်ဟု မနှင်းယုလှိုင်က ပြောသည်။
"ဆေးသောက်ရတဲ့ ၆ လအတွင်းမှာ ကျောင်းဖွင့်ခဲ့ရင် ကျောင်းကိုတက်မယ်။ စာတွေတော့ ရေးနိုင်ဖတ်နိုင်ပြီ"ဟု ပြောသည်။
သူမသည် ပြီးခဲ့သော၂ဝ၂ဝ ပြည့်နှစ်၊ စက်တင်ဘာလ ၈ ရက် နံနက်က သူမ၏ ညောင်ကန်ရွာထဲသို့ လက်နက်ကြီးကျည် ၄ လုံး ကျရောက်ပေါက်ကွဲရာမှ ဦးခေါင်းတွင် လက်နက်ကြီးကျည်စထိမှန်သွားခဲ့ပြီး လက်ရှိအချိန်ထိ ဦးခေါင်းအတွင်း ကျည်စရှိနေသေး၍ ဆေးကုသမှုခံယူနေရသူဖြစ်သည်။
လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့့သည့် ညောင်ကန်ရွာဖြစ်စဉ်ကြောင့် ကျောင်းဆရာမ ၁ ဦး၊ ကလေး ၂ ဦးနှင့် ကျေးရွာသား ၁ ဦး၊ စုစုပေါင်း ၄ ဦးသေဆုံးသွားခဲ့ပြီး မနှင်းယုလှိုင်အပါအဝင် ဒေသခံ ၁ဝ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ဆက်စပ် သတင်းများ