ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

မင်းပြားစိတ္တရရွာမှ ၇ ဦးကို စွဲချက်အမိန့်ချရန် ၁ နှစ်ခန့်ကြန့်ကြာနေ၍ နစ်နာမှုရှိဟု မိသားစုများပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ ဇန်နဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 249

မြထွီးသျှင်
နိရ ဉ္စရာ၊ ဇန်နဝါရီ ၂၄/၂၀၂၂
ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးတရားစွဲခံထားရသည့် မင်းပြားမြို့နယ်၊ ဖုံသာဝအုပ်စု စိတ္တရရွာမှ ၇ ဦးအား စွဲချက်အမိန့်ချမှတ်ရန် ၁ နှစ်ခန့်ကြန့်ကြာနေ၍ နစ်နာမှုများရှိနေသည်ဟု မိသားစုဝင်များက ပြောသည်။
လက်ရှိတွင် ၄င်းတို့ ၇ ဦးအား စွဲချက်အမိန့်မချဘဲ မြောက်ဦးခရိုင်တရားရုံးသို့ ရုံးချိန်းများသာ တစ်လနှစ်ကြိမ်ခန့်ခေါ်နေပြီး အမှုကိစ္စများကို လုပ်ဆောင်မှုမရှိကြောင်း တရားစွဲခံနေရသည့်ကိုကျော်မင်းထွန်း၏အစ်ကို ကိုထွန်းမြင့်သိန်းက နိရ ဉ္စရာသို့ ပြောသည်။
"မိသားစုတွေကအစ သူတို့အတွက်ပါ နစ်နာမှူတွေရှိတယ်။ အဖမ်းခံထားရတဲ့သူတွေရဲ့ မိသားစုတွေ၊ သားမယားတွေကအစ ပိုပြီးဒုက္ခဖြစ်ရပါတယ်။ သူ့မှာဆိုရင် သားတစ်ယောက်၊ သမီးတစ်ယောက်ရှိတယ်။ စားဝတ်နေရေးတွေက အရမ်းကျပ်တည်းပါတယ်။ အိမ်မှာကသူဦးဆောင်ပြီးလုပ်နေရတာဆိုတော့ သားသမီးတွေစားဝတ်နေရေးကလည်း ခက်ခဲမှုတွေရှိတယ်။ အပြစ်မရှိရင် မြန်မြန်ဆန်ဆန် ပြန်လွှတ်ပေးဖို့ပြောချင်ပါတယ်"ဟု ပြောသည်။
တရားစွဲခံနေရသူများမှာ မင်းပြားမြို့နယ် စိတ္တရရွာမှ ကိုဘညွန့်၊ တောင်ပုတ်ကေကျေးရွာမှ နေလင်းမောင်နှင့် အောင်နိုင်ထွန်း၊ ငန်းတက်ကျေးရွာမှ ကိုအောင်နိုင်၊ ကိုမောင်မောင်သန်းနှင့် ကိုမြောက်ဦးချေ၊ ကျောက်မော်ကျေးရွာမှ ကိုကျော်မင်းထွန်းတို့ဖြစ်ကြသည်။
၎င်းတို့ကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက် ည ၁၁ နာရီခန့်တွင် စစ်တပ်က AA နှင့်ဆက်စပ်သည်ဟုဆိုကာ စိတ္တရရွာမှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး မင်းပြားမြို့ ၃၈၀ တပ်ရင်းမှ တပ်ရင်းမှူး မျိုးမင်းသူက တရားလိုပြုလုပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)၊ ၅၂(က)တို့ဖြင့် တရားစွဲဆိုခံထားရခြင်းဖြစ်သည်ဟု သိရသည်။
လက်ရှိတွင် ၄င်းတို့ကို စွဲချက်အမိန့်ချမှတ်ရန် ၁ နှစ်ခန့်ကြန့်ကြာနေသည့်အတွက် မိသားစုတွင် အလွန်တရာဆုံးရှုံးနစ်နာနေပြီး အပြစ်မရှိလျှင်လည်း အမြန်ဆုံးပြန်လွှတ်ပေးစေလိုသည်ဟု တရားစွဲခံရသည့်ကိုဘညွန့်၏ဖခင် ဦးလှကျော်ထွန်းက ပြောသည်။
"တကယ်လို့အပြစ်မရှိဆိုရင် သူတို့ကိုအမြန်ဆုံးပြန်လွှတ်ပေးစေချင်ပါတယ်။ ဒါကြောင့် အစိုးရကိုတောင်းဆိုချင်တာက သူတို့ထိန်းသိမ်းခံထားရတာလည်း နှစ်နှစ်ကျော်လောက်ရှိပြီပေါ့နော်၊ ကျနော်တို့လည်း စားဝတ်နေရေးအဆင်မပြေပါဘူး။ အဲဒါကြောင့် လွှတ်ပေးစေချင်ပါတယ်"ဟု ပြောသည်။
လက်ရှိတွင် ၎င်းတို့၏မိသားစုဝင်များအနေဖြင့် ရုံးချိန်းတိုင်းမပျက်မကွက်သွားရောက်နေကြရသည့်အတွက် လမ်းစရိတ်အခက်အခဲများနှင့်လည်း ကြုံနေရသည်ဟု သိရသည်။
တရားစွဲခံနေရသည့် ကိုမောင်မောင်သန်း၏သမီး မမာမာဝင်းကလည်း "လွှတ်ပေးစေချင်တာပေါ့။ အဖေမရှိတော့လည်း အိမ်မှာစားဝတ်နေရေးတွေ ခက်ခဲတယ်။ နစ်နာမှုတွေကတော့ အများကြီးပါပဲ"ဟုပြောသည်။
တရားစွဲခံထားရသူ ၇ ဦးကို လာမည့်ဇန်နဝါရီလ ၂၇ ရက်တွင် မြောက်ဦးခရိုင်တရားရုံးတွင် ထပ်မံရုံးချိန်းခေါ်ထားပြီး လက်ရှိတွင် ၄င်းတို့အား မြောက်ဦးခရိုင်ရဲအချုပ်၌ ထိန်းသိမ်းထားကြောင်း သိရသည်။
ယခုအမှုနှင့်ပတ်သက်ပြီး အမှုလိုက်ရှေ့နေအား ဆက်သွယ်ခဲ့သော်လည်း မအားလပ်သေးဟုဆိုသည့်အတွက် သူ၏သဘောထားအား ရယူနိုင်ခြင်းမရှိခဲ့ပါ။
တရားစွဲဆိုခံရသူ ၇ ဦး စတင်ဖမ်းဆီးခံရသည့်နေ့ ည ၁၁ နာရီခန့်တွင် စိတ္တရကျေးရွာ၌ ပစ်ခတ်မှုများဖြစ်ပွားခဲ့သည့်အတွက် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဉာဏ်သိန်း(၄၂ နှစ်)နှင့် အိမ်နီးချင်းဖြစ်သူ ဒေါ်ဖြူဖြူဝင်း (၃၉ နှစ်)တို့ သေဆုံးခဲ့သည်ဟုလည်း ဒေသခံများက ပြောသည်။

ဆက်စပ် သတင်းများ