သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ရခိုင်တွင် မိုင်းနှင့် စစ်လက်နက်ပစ္စည်းများထိမှန်၍ ကိုယ်လက်အင်္ဂါဆုံးရှုံးသွားသူများ အကူညီလိုအပ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဖေဖော်ဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 1.3k

ထက်အောင်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၉/ ၂ဝ၂၂
ရခိုင်ပြည်နယ်အတွင်း မြေမြှုပ်မိုင်းနှင့် စစ်လက်နက်ပစ္စည်းများထိမှန်၍ ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရသူများတွင် စားဝတ်နေရေးအပြင် ဘဝရပ်တည်ရေးအတွက် အထောက်ကူပြုမည့်အကူအညီများလိုအပ်နေကြောင်း သိရသည်။
အမ်းမြို့နယ်၊ ကဇူးကိုင်းကျေးရွာမှ ဒေါ်မဖြူဆိုလျှင် ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ နိုဝင်ဘာလအတွင်း သူ့ကိုယ်ပိုင်တောင်ယာသို့ ဟင်းရှာသွားစဉ် မြေမြှုပ်မိုင်းနင်းမိ၍ ခြေတစ်ဖက် စွန့်လွှတ်လိုက်ရချိန်မှစ၍ လက်ရှိအချိန်ထိ မိသားစုစားဝတ်နေရေးအခက်အခဲနှင့် ရင်ဆိုင်နေရသည်ဟု သားဖြစ်သူ ကိုအောင်မျိုးနိုင်က ပြောသည်။
“အခုဆိုရင် အိမ်မှာက အမေကို ပြုစုစောင့်ရှောက်ဖို့ တစ်ယောက်နေရတယ်။ စိုက်ခင်းကိုလည်း မိုင်းပေါက်တဲ့အချိန်က စပြီးမသွားဖြစ်တော့ဘူး။ စိုက်ခင်းထဲမှာက ပျဉ်းကတိုး၊ ကျွန်း၊ ရှောက်၊ ငှက်ပျော အကုန်ရှိပါတယ်။ အမေ့အတွက် တောင်းဆိုချင်တာကတော့ သူ့ရဲ့လူနေမှုပုံစံမရရင်တောင် သွားလာရေးအဆင်ပြေအောင်တော့ အကူအညီတွေရချင်ပါတယ်” ဟု ပြောသည်။
ရခိုင်ပြည်နယ်တွင် ၂ဝ၁၈ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အထိ ၂ နှစ်ကြာဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့် မိုင်းနှင့် စစ်လက်နက်ပစ္စည်းများထိမှန်၍ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မြေပုံ၊ မင်းပြားနှင့် အမ်း စသည့်မြို့နယ် ၈ ခုမှ ကျေးလက်နေပြည်သူများနှင့် မျိုးနွယ်စုဝင်လူမျိုးများ ထိခိုက်သေဆုံးမှုများရှိခဲ့သည်ဟု သိရသည်။
ထိခိုက်ခံခဲ့ရသူများတွင် ကလေးသူငယ်များမှ သက်ကြီးရွယ်အိုအထိပါဝင်သည်ဟု သိရသည်။
ပုဏ္ဏားကျွန်းမြို့နယ်တွင်လည်း တောတောင်များကိုမှီခိုလုပ်ကိုင်စားသောက်နေရသည့် မြိုလူမျိုးများတွင် မြေမြှုပ်မိုင်းကြောင့် ကိုလက်အင်္ဂါစွန့်လွှတ်လိုက်ရသူများရှိသည်ဟု မြိုစာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးဇနီဖြူက ပြောသည်။
“မိုင်းနင်းမိလို့ ပေါင်ကျိုးပြီး မသန်စွမ်းဖြစ်သွားတဲ့သူတွေဆိုရင် စစ်ဘေးရှောင်စခန်းတွေမှာခိုလုံနေရတယ်။ အဲဒီလိုမျိုး နစ်နာမှုတွေအများကြီးရှိပါတယ်”ဟု ပြောသည်။
ဖေဖော်ဝါရီလ ၁ ရက်ကလည်း မြောက်ဦးမြို့နယ်၊ ကျောင်းတောင်ကျေးရွာမှ လူငယ် ၃ ဦးသည် ရွာနှင့် ၂ မိုင်အကွာ ဆင်သေကိုင်းတောထဲ ထင်းခွေသွားရာမှ စစ်လက်နက်အကြွင်းအကျန်ပစ္စည်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
အလားတူ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၇ ရက်ကလည်း မြောက်ဦးမြို့နယ် ပေါင်းတုတ်(ရွာမ)ရွာတွင် စစ်လက်နက်အကြွင်းအကျန်ပေါက်ကွဲ၍ ကလေးငယ် ၂ ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်။
ယင်းကဲ့သို့ အပြစ်မဲ့အရပ်သားများ ထိခိုက်သေဆုံးမှုများမဖြစ်ပေါ်စေရန် တိုက်ပွဲများဖြစ်ပါက ပြည်သူများကို ပစ်မှတ်မထားရန်လိုသည်ဟု အမ်းမြို့နယ်မှ လူမှုကူညီရေးလုပ်ငန်းများလုပ်ဆောင်နေသူ ကိုမျိုးလွင်က ပြောသည်။
“စစ်ရေးပဋိပက္ခဖြစ်တဲ့အခါ ပြည်သူတွေကို ပစ်မှတ်မထားဘဲ လက်နက်ကိုင်အချင်းချင်းတိုက်ပွဲဆင်နွွှဲဖို့လိုပါတယ်။ ပြီးတော့ ပြည်သူလူထုရှိတဲ့နေရာတွေကို လက်နက်ကြီးတွေနဲ့ မပစ်ဖို့၊ လူထုရှိတဲ့နေရာမှာ မြေမြှုပ်မိုင်းတွေမထောင်ဖို့ ပြောချင်ပါတယ်”ဟု ပြောသည်။
ရခိုင်တွင် ၂ နှစ်ကြာဖြစ်ပွားခဲ့သည့်တိုက်ပွဲများအတွင်း မြေမြုပ်မိုင်း၊ စစ်လက်နက်အကြွင်းအကျန်နှင့် လက်နက်ကြီးများထိမှန်မှုကြောင့် အပြစ်မဲ့ပြည်သူ ၃ဝဝ ကျော်သေဆုံးခဲ့ပြီး ၇ဝဝ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အရပ်ဘက်အဖွဲ့အစည်းများ၏စာရင်းအရ သိရသည်။
ယင်းအနက် မြေမြုပ်မိုင်းနှင့် စစ်လက်နက်အကြွင်းကျန်ပစ္စည်းပေါက်ကွဲမှုကြောင့် ၄၉ ဦးသေဆုံးပြီး ၇ဝ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)က ထုတ်ပြန်ထားသည်။

ဆက်စပ် သတင်းများ