ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

မီးမလောင်ဘဲကျန်ခဲ့သည့် ကျောက်တော် တင်းမကျေးရွာရှိလူနေအိမ်များကို စစ်သားများကဖြိုဖျက်ပြီး သစ်နှင့်သွပ်များကိုယူဆောင်ကာ စခန်းတည်ဆောက်ရာတွင်အသုံးပြုနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 1.9k

နိရဉ္စရာ၊ ဇွန်လ ၁၃/ ၂၀၂၂
တိုင်းရင်းသားပြည်သူလူထု၏ အသက်အိုးအိမ်ကိုကာကွယ်ပေးနေပါသည်ဟု ပြောဆိုနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကျောက်တော်မြို့နယ် တင်းမကျေးရွာရှိ လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်သာမက မီးမလောင်ဘဲကျန်ရှိနေသည့် နေအိမ်များကို ဖြိုဖျက်ကာ ၎င်းတို့၏ စခန်းအဆောင်များဆောက်ရာတွင် အသုံးပြုနေသည်ဟု သတင်းရရှိသည်။
အမည်မဖော်လိုသူ ရွာလူကြီးတစ်ဦးက “ ရွာမှာကျန်ခဲ့တဲ့ အိမ်တွေက သွပ်ပြားတွေကိုခွာတယ်၊ ပျဉ်တွေ၊ သစ်တွေကိုယူပြီး သူတို့ အဆောင်ဆောက်နေတာတွေမှာ အသုံးပြုနေကြတယ်။ ရွာမှာ ကျန်နေနဲ့ အိမ်ကြီးတွေက ကျွန်း၊ ပျဉ်းကတိုး သစ်မာတွေနဲ့ ဆောက်ထားတာ။ တချို့ အိမ်တွေက ထွက်လာတဲ့ သစ်တွေကို ရောင်းတယ်။ ရွာမှာ လူမရှိတော့ လုပ်ချင်သလို လုပ်နေကြတယ်။ ဒါက ရွာကိုရည်ရွယ်ချက်ရှိရှိ ကျွန်တော်တို့ရွာကို ဖျက်ဆီးနေတယ်လို့ ယူဆရတယ်” ဟု ပြောသည်။
တင်းမကျေးရွာသည် ကျောက်တော်မြို့နယ် မြောက်ပိုင်း ကုလားတန် မြစ်ကမ်းဘေးတွင် တည်ရှိသည့် အိမ်ခြေ ၅၀၀ ကျော်ရှိသည့် ရခိုင်ကျေးရွာကြီး တစ်ရွာဖြစ်သည်။
၎င်းကျေးရွာအနီးတွင် ၂၀၂၀ ခုနှစ်မတ်လအတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ အကြားတိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က ရွာသား ၁၈ ဦး ကို ဖမ်းဆီးခဲ့ပြီး ရွာကို မီးတင်ရှို့ခဲ့သည်။ ထိုသို့ မီးရှို့ခဲ့ရသဖြင့် အိမ်ခြေ ၁၃၂ လုံးမီးထဲပါသွားခဲ့သည်။ ဖမ်းဆီးခံရသူ ၁၈ ဦးအပါဝင် ဘုန်းတော်ကြီးကျောင်းတွင် အစောင့်ကျန်နေခဲ့သူ သုံးဦးမှာလည်း မိသားစုများနှင့် အဆက်အသွယ် မရဘဲ ယနေ့ထက်ထိ ပျောက်ဆုံး နေဆဲဖြစ်သည်။
ကျေးရွာသားများသည် ထိုအချိန်ကတည်းက ရွာကို စွန့်ခွာ ထွက်ပြေး လာခဲ့ကြရသည်။ ကျောက်တော်မြို့သို့ ရောက်ရှိနေစဉ်အတွင်း မိသားစုများက သူတို့ရှေ့မှ ဖမ်းဆီးခေါ်ဆောင် ခံခဲ့ကြရသည့် ရွာသားများ၏ အရေးကို ရခိုင်ပြည်နယ် အစိုးရတာဝန်ရှိသူများ၊ နိုင်ငံတော်အဆင့် တာဝန်ရှိသူများအား အကြိမ်ကြိမ် စာရေး တောင်းပြီး သူတို့ အသက်ရှင်လျှက် မရှိ မရှိကို အသိပေးပါရန်တောင်းဆိုသော်လည်း ယနေ့ထိ တစ်စုံတစ်ရာ အကြောင်း ပြန်ကြားခြင်း မရှိကြောင်း မိသားစုများက ပြောသည်။
“ စစ်တပ်က ဖမ်းသွားတဲ့ ရွာက လူပေါင်း ၁၈ ယောက်နဲ့ ကျောင်းစောင့် ကျန်ခဲ့သူ ၃ ဦးလည်း ဒီနေ့ထိ ပျောက်ဆုံးနေတယ်။ ရွာကိုလည်း မီးရှို့ခဲ့တယ်။ NLD အစိုးရလက်ထက်ကတော့ ဒီမီးလောင်သွားတဲ့ အိမ်တွေကို လျှော်ကြေး ပေးမယ်ဆိုပြီး ဂတိပြုခဲ့တယ်။ အခုတစ်ခါ ရွာမှာ မီးမလောင်ဘဲ ကျန်နေခဲ့တဲ့ အိမ်တွေကို စစ်သားတွေက ဖြိုဖျက်ပြီး ပျဉ်တွေကိုယူ၊ သွပ်တွေကို ယူလုပ် နေကြတယ်။ တကယ့် မင်းမဲ့တိုင်းပြည်ကျနေတာပါဘဲ” ဟု ပြောဆိုသည်။
ထိုသို့ ကျေးရွာရှိ နေအိမ်များကို ယခင်ကလည်း ဖျက်ဆီးမှုများရှိခဲ့သလို လက်ရှိအချိန်တွင်လည်း ဖျက်ဆီးနေသဖြင့် တားမြစ်ပေးရန် စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံကို ကျေးရွာသားများက များမကြာမီက စာရေး တင်ပြတောင်းဆိုခဲ့သည်။
၎င်းစစ်သားများသည် အိမ်များကို ဖြိုဖျက်ပြီး သစ်များ၊ သွပ်များကို ယူဆောင် နေသည်သာမက ရွာသားများတွင် ကျန်ခဲ့သည့် ကျွဲ၊နွားအပါအဝင် ကျန်ရှိခဲ့သည့် အိမ်မွေးတိရိစ္ဆာန်များကိုလည်း သတ်ဖြတ်စားသောက်မှုများ ရှိနေကြောင်းလည်း နောက်ထပ်ဒေသခံတစ်ဦးက ပြောကြားသည်။
“ နွားတွေကိုလည် သတ်စားနေကြတယ်။ ဘယ်သူတွေလည်းဆိုတာကိုကတော့ အားလုံးသိပါတယ်။ တင်းမရွာသားတွေမှာ နွားတွေအများကြီးကျန်ခဲ့တယ် နှစ်ရာ၊ သုံးရာလောက်ရှိမယ်။ တောတောင် မှာလည်း ကျန်ခဲ့တယ်။ ဒါတွေကို အခုလို စိတ်ထင်သလို သတ်စားနေကြတာကတော့ မလုပ်သင့်ဘူးလို့ ထင်ပါတယ်” ဟု ပြောသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး တင်းမကျေးရွာဆရာတော်အား ဆက်သွယ် မေးမြန်းရာ အဆိုပါကိစ္စကို နိုင်ငံတော်အဆင့်ထိ တိုင်ကြားထားသဖြင့် နိုင်ငံတော်တာဝန်ရှိသူများအနေဖြင့် ထိထိရောက်ရောက် တားမြစ်သင့်ကြောင်း ပြောဆိုသည်။
တင်းမ ကျေးရွာသားများအနေဖြင့် ရခိုင်တွင် တိုက်ပွဲများလည်း ရပ်သွားပြီ ဖြစ်သဖြင့် ရွာပြန်ခွင့်ပြုဖို့ ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် သက်ဆိုင်ရာ နိုင်ငံတော်အဆင့် အာဏာပိုင်များကို (၈) ကြိမ်တိတိ စာရေးတင်ပြ တောင်းခံထားသော်လည်း ယခုအချိန်အထိ တစုံတရာ အကြောင်း ပြန်ကြား မှုမရှိ ကြောင်းလည်း ဆရာတော်က မိန့်ကြားသည်။ (NN-14)

ဆက်စပ် သတင်းများ