ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

စစ်သားများအဖမ်းခံရပြီးနောက် အနည်းဆုံးလူ၉ဦးကို စစ်တွေတွင် ဖမ်းဆီးထား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 5.2k

နိရဥ္စရာ၊ဇွန် ၂၄၊၂၀၂၂
ရေတပ်အရာရှိတစ်ဦးနှင့် စစ်သားတစ်ဦးတို့ကို ရက္ခိုင့်တပ်တော် (AA) က ဇွန် ၂၃ ရက်က ဖမ်းဆီးခံရပြီးနောက် စစ်တွေမြို့တွင် အနည်းဆုံး အရပ်သား ၉ ဦး ဖမ်းဆီးခံထားရသည်ဟု သတင်းရရှိသည်။
ဖမ်းဆီးခံထားရသည့် သူများအထဲတွင် မင်းဂံရပ်ကွက် အကွက် (၉)၊ အကွက် (၁၀)တို့မှ အမျိုးသား ၆ဦး၊ ဆင်ကူးလမ်းရပ်ကွက်မှ ဦးခင်မောင်စိုး၊ ဆတ်ရိုးကျ ရပ်ကွက်မှ ဦးဘသိန်း နှင့် စစ်တွေမြို့နယ် သက္ကေပြင်စျေးကျေးရွာမှ ဦးဆော်လိမ် တို့ဖြစ်ကြသည်။
၎င်းတို့သည် ယမန်နေ့ ညနေပိုင်းနှင့် ညဉ့်အချိန်တွင် စစ်တပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ကြရသူများ ဖြစ်ကြသည်။
ယမန်နေ့ညက ဖမ်းဆီးသွားသည်ကို ကိုယ်တိုင် မြင်တွေ့လိုက်သည့် မင်းဂံရပ်ကွက်(၉)မှ အမျိုးသမီး တစ်ဦးက “ စစ်သားတွေ၊ ရဲတွေ စုစုပေါင်း ဆိုရင် ၆၀လောက်ရှိမယ်ထင်တယ်။ အကုန်လုံးက လက်နက်တွေအပြည့်နဲ့။ ရပ်ကွက်ထဲကို ကား၂စီးနဲ့ရောက်လာကြတာ။ ဧည့်စာရင်း စစ်မယ်ပေါ့။ ဘာညာမေးပြီးတော့ ဖမ်းသွားတာပါ။ အခုချိန်ထိ ပြန်မလွတ်လာသေးဘူး” ဟုဆိုသည်။
ဆင်ကူးလမ်းမှ ဖမ်းဆီးခံလိုက်ရသည့် ဦးခင်မောင်စိုးမှာ မိုးသောက်ပန်း လျှပ်စစ်ပစ္စည်းအရောင်းဆိုင် ပိုင်ရှင်ဖြစ်ပြီး ၎င်းကို ယမန်နေ့ညနေ ၅နာရီကျော်အချိန်ခန့်တွင် စစ်ကားတစ်စီးပေါ် ဖမ်းဆီး တင်ဆောင် သွားသည်ဟု ညီဖြစ်သူကပြောသည်။
“ဖမ်းလာတဲ့အချိန်မှာ ကားတစ်စီးနဲ့ပါ။ ကားထက်က သေနတ်တွေနဲ့ တစ်ယောက်နှစ်ယောက်လောက် ဆင်းလာပြီး တော့ ကျွန်တော့်အစ်ကိုကို သေနတ်နဲ့ချိန်ပြီးတော့ဖမ်းသွားတာပါ။စကားတစ်ခွန်းလည်း ပြောဖို့မရလိုက်ဘူး။ ဆိုင်ကဖမ်းသွားတာ။ ပြီးတော့ဆိုင်ထဲကလည်း ဖုန်းအသစ်နှစ်လုံးကို ယူသွားကြတယ်”ဟုဆိုသည်။
ယင်းအပြင် ဦးဆော်လိမ်ကိုလည်း ယမန်နေ့ နေ့လယ် ၂နာရီကျော် အချိန်ခန့်တွင် စစ်ကားတစ်စီးဖြင့် နေအိမ်အတွင်းသို့လာရောက် ဖမ်းဆီး သွားခြင်းဖြစ်သည်ဟု သက္ကေပြင်စျေးကျေးရွာသားတစ်ဦးက ပြောသည်။
“သူကတော့ ရွာမှာလယ်သမားတစ်ယောက်ပါ။ စစ်သားတွေဘာကြောင့် လာဖမ်းလဲတော့မသိဘူး။ ဖမ်းလာတဲ့ စစ်သားတွေက အမြောက်တပ်ကလို့ ပြောကြတယ်။ ဘယ်နေရာကို ခေါ်သွားလဲတော့ မသိရဘူး”ဟုဆိုသည်။
အလားတူ ဖမ်းဆီးခံထားရသည့် ဆတ်ရိုးကျရပ်ကွက်က ဦးဘသိန်းမှာလည်း လက်ရှိအချိန်ထိ ပြန်မလွတ်လာသေးသလို ရပ်ကွက်၌လည်း စစ်ကောင်စီနှင့် ရဲသားတွေက တစ်အိမ်ဝင်တစ်အိမ်ထွက် စစ်ဆေးနေသည်ဟု ဆတ်ရိုးကျ ရပ်ကွက်နေသူတစ်ဦးက ပြောသည်။
လက်ရှိတွင် စစ်တွေမြို့လမ်းမပေါ်တွင် ဖမ်းဆီး၊စစ်ဆေးနေမှုများနှင့် ပတ်သက်၍ နိုင်ငံရေး အကျဥ်းသားဟောင်း စာရေးဆရာဝေဟင်အောင်က “မြို့အခြေအနေကတော့ လက်ရှိအခင်းအကျင်းက ကျီးလန့်စာစား အခြေအနေဖြစ် နေတယ်။ကြားရတာကလည်း အမျိုးမျိုး၊ ကိုယ်ကတော့ မြင်ရတာတော့ မဟုတ်။ အခုတော့ လမ်းတွေမှာလည်း အသွားအလာက သိသိသာသာ လျော့ကျလားတယ်။ စစ်ဆေးတာတွေလည်း တောက်လျောက် ရှိနေတယ်”ဟုဆို သည်။
ယခုလိုမြို့တော်တစ်ခုတွင် စစ်ကောင်စီကလမ်းသွားလမ်းလာများကို ဖမ်းဆီး နေခြင်း၊ စစ်ဆေး မေးမြန်းနေခြင်းတို့ ပြုလုပ်နေ သည်မှာ ပြည်သူလူထုကို ခြောက်လန့်နေခြင်းတစ်မျိုး ဖြစ်သည့်အတွက် မလုပ်သင့်ဟု ရခိုင့်လူ့အခွင့် အရေးကာ ကွယ်မြင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းကပြောဆိုသည်။ (NN-11)

ဆက်စပ် သတင်းများ