ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

စနဲမြို့စခန်းမှူးကို AA က ဖမ်းဆီးပြီးနောက် မြို့ခံ ၁ဝ ဦးထက်မနည်း ခေါ်ယူစစ်ဆေးခံနေရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 6.7k


နိရဥ္စရာ၊ ဇူလိုင် ၂၄ / ၂ဝ၂၂
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် စနဲမြို့စခန်းမှူးကို ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးသွားပြီးနောက် မြို့ခံ ၁ဝ ဦးထက်မနည်း ခေါ်ယူစစ်ဆေးခံနေရသည်ဟု သိရသည်။
ယနေ့ ဇူလိုင် ၂၄ ရက်က နံနက် ၈ နာရီကျော်တွင် စနဲမြို့စခန်းမှူး ရဲအုပ်ကျော်ဇင်ဝင်းဖမ်းဆီးခံလိုက်ရပြီးနောက် ညနေ ၄ နာရီခန့်အထိ မြို့ခံ ၁ဝ ဦးထက်မနည်းသည် စနဲမြို့ရဲစခန်းတွင် ခေါ်ယူစစ်ဆေးခံနေရသည်ဟု မြို့ခံများက ပြောသည်။
ခေါ်ယူစစ်ဆေးခံနေရသူတို့ထဲတွင် အမျိုးသမီး ၄ ဦးပါဝင်သည်ဟုလည်း ခေါ်ယူသွားသည်ကိုမြင်တွေ့လိုက်သည့် မျက်မြင်မြို့ခံတစ်ဦးက ပြောသည်။
“အမျိုးသမီးတွေပါဆိုရင် ၁ဝ ယောက်လောက်ရှိမယ်။ လက်ထိပ်တွေဘာတွေနဲ့ ဖမ်းခေါ်သွားတာတော့ မဟုတ်ဘူး။ ဒီလို ရိုးရိုးတန်းတန်းပဲ ခေါ်သွားတာပါ။ စခန်းကို လာ၊ မေးစရာရှိတယ်ဆိုပြီး လမ်းလျှောက်ပြီး ခေါ်သွားတာ”ဟု ပြောသည်။
စစ်ဆေးခံနေရသူတို့သည် ယနေ့ ညနေ ၄ နာရီခွဲအထိ စခန်းထဲမှ ပြန်ထွက်မလာကြသေးဟုလည်း စစ်ဆေးခံနေရသူတစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။
“သူ အခုချိန်ထိတော့ အိမ်ပြန်မရောက်သေးဘူး”ဟု ပြောသည်။
စနဲမြို့စခန်းမှူး ရဲအုပ်ကျော်ဇင်ဝင်းသည် ယနေ့ ဇူလိုင် ၂၄ ရက်က နံနက် ၈ နာရီကျော်တွင် စနဲမြို့စျေးသို့ စျေးလာဝယ်လာစဉ် AA တပ်ဖွဲ့ဝင်များက စျေးအတွင်းမှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု မြို့ခံများက ပြောသည်။
ယင်းသို့ဖမ်းဆီးခံရပြီးနောက် စနဲမြို့အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက လုံခြုံရေးတိုးချဲ့ချထား၍ စျေးအတွင်းရှိ စျေးဆိုင်ခန်းများကိုလည်း ပိတ်လိုက်ရပြီး ကျောင်းသူ၊ ကျောင်းသားများ၏ကျူရှင်အချိန်များကိုလည်း ပြန်လွှတ်လိုက်ရသည်ဟု ဒေသခံများက ပြောသည်။
ယင်းအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များသည် လမ်းမများပေါ်တွင် ဖြန့်ကြက်သွားလာနေကြ၍ မြို့ပေါ်ရှိ နေအိမ်များကိုလည်း တံခါးများပိတ်ထားရသည်ဟု သိရသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရခဲ့ပါ။
စနဲမြို့စခန်းမှူးဖမ်းဆီးခံရခြင်းနှင့်ပတ်သက်ပြီး AA ပြောခွင့်ရသူ ဦးခိုင်သုခကို ယနေ့ မွန်းတည့် ၁၂ နာရီခန့်က ဆက်သွယ်မေးမြန်းထားသော်လည်း ညနေ ၄ နာရီခွဲအထိ တစ်စုံတစ်ရာ တုံ့ပြန်ဖြေကြားခြင်းမရှိသေးပါ။
(Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)
အင်္ဂလိပ်သတင်း - www.narinjara.com
မြန်မာသတင်း - https://burmese.narinjara.com/
သတင်းဖေ့စ်ဘုတ်ပေ့ချ် - https://www.facebook.com/narinjara.info/
ရေဒီယိုသတင်း - https://www.facebook.com/Narinjara-Radio-107181441819656

ဆက်စပ် သတင်းများ