သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ကုန်စည်သယ်ယူခွင့်ပိတ်ထား၍ မောင်တောမြောက်ပိုင်းကကျေးရွာအချို့ စားကုန်ပြတ်လပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 3.7k

နိရဉ္စရာ၊ ဇူလိုင် ၂၅/ ၂၀၂၂
ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် ဇူလိုင် ၁၈ ရက် နောက်ပိုင်းမှစပြီး မောင်တောမြို့နယ်မြောက်ပိုင်းသို့ ကုန်ပစ္စည်းများ သယ်ယူခွင့်ကို နယ်ခြားစောင့်တပ်က ပိတ်ထားသဖြင့် မောင်တောမြောက်ပိုင်းမှ ကျေးရွာများတွင် စားသောက်ကုန်များပြတ်လပ်နေပြီဟု ဒေသခံများက ပြောသည်။
ခမောင်းဆိပ်ကျေးရွာမှ စျေးဆိုင်ပိုင်ရှင်တစ်ဦးက “ ကားလမ်းကို ပိတ်ပြီး ပစ္စည်းသယ်ယူခွင့်မပြုရင်တော့ စျေးတက်တာပေါ့။ ဆန်ကတော့ တစ်အိတ်ကို (၂)သောင်းခွဲနဲ့ (၃) သောင်းစျေးရှိတယ်။ ဆီ၊ ဟင်းချိုမှုန့်၊ ကြက်သွန်တို့ ဆီတို့ကတော့ စျေးတက်သွားပြီ။ တချို့ရွာတွေမှာ ပြတ်နေပြီ။ ကျနော်တို့ ဆီမှာလည်း များမကြာမီ ပြတ်သွားမဲ့အခြေနေ ဖြစ်နေတယ်။ အများအားဖြင့်တော့ စားသောက်ကုန်တွေပေါ့။ အရင်နဲ့စာရင်တော့ ငါးပုံ တပုံလောက်စျေး တက်သွားပြီ”ဟု ပြောဆိုသည်။
ကားလမ်းပိတ်ထားသည်မှာ ယခုအခါ တစ်ပတ်ကျော်လာပြီဖြစ်ကာ မည်သည့်စားသုံးကုန်ပစ္စည်းကိုမှ ကြိမ်ချောင်းနယ်ခြားစောင့်တပ်က ယူဆောင်ခွင့်မပြုကြောင်း၊ ယခုကဲ့သို့ ဆက်လက်ပြီး ကားလမ်းကို ပိတ်ထားမည်ဆိုပါက ပစ္စည်းများစျေးတက်သည်သာမက စားသောက်ကုန် ပစ္စည်းများအားလုံးလည်း ပြတ်လပ်သွားနိုင်သည်ဟု ဆိုသည်။
“ ဆိုင်ကယ်တွေ သွားခွင့်ရှိတယ်။ ဒါပေမဲ့ကုန်ပစ္စည်းတင်လို့မရဘူး။ အိမ်သုံးလောက် ပစ္စည်းတောင်တင်ခွင့် မရှိဘူး။ အခုကျနော်တို့ဆီမှာ ဟင်းချို့မှုန့်တို့၊ ငရုတ်သီးတို့ဆို လုပြီးဝယ်နေရတယ်။ ဆေးလိပ်တို့လည်း ပါတာပေါ့။ တချို့ဆိုင်တွေမှာ ပစ္စည်းပြတ်နေပြီ။ ဒီဘက်မှာက ကုန်စုံဆိုင်ဆိုလို့ ကြီးကြီးမားမား ရှိတာမှမဟုတ်တယ်” ဟု မြဝတီကျေးရွားသားတစ်ဦးကလည်း ပြောသည်။
ဆိုင်ကယ်သွားလာခွင့်ပြုထားသော်လည်း အိမ်သုံးရိက္ခာ တောင်ယူခွင့် မရသည့်အပြင် ဝန်ထမ်းများမှာလည်း ဝန်ထမ်းကတ်ပြပြီး အကျိုးအကြောင်း ရှင်းပြပြောဆိုကာ သွားလာနေရကြောင်း သိရှိရသည်။
ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီနယ်ခြားစောင့် ပူးပေါင်းတပ်တို့ ဇူလိုင်လ (၁၈) ရက်နေ့က မောင်တော မြို့နယ် ဆောင်ပညာရွာနဲ့ စံကားပင်ရင်း ရခိုင်ရွာ အနီးတွင်တစ်ကြိမ်နှင့် ဒုံးကုလားရွာနှင့်ဝက်ကျိန်း ရွာအကြား တွင်တစ်ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က တပ်သားအများအပြား ကျဆုံးခဲ့သည့် အပြင် တပ်ဖွဲ့ဝင် ၁၄ ဦးကိုလည်း လက်နက်များနှင့်အတူ အေအေကဖမ်းဆီးသွားခဲ့ပြီးနောက် မောင်တောမြို့နယ်မြောက်ပိုင်းသို့ ကုန်ပစ္စည်း သယ်ယူခွင့်ကို ကြိမ်ချောင်းနယ်ခြားစောင့်တပ် စစ်ဆေးရေးဂိတ်မှ တင်းကျပ်ထာခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ယခုလို တားမြစ်ထားသဖြင့် ကုန်စည်စီးဆင်းမှု အခက်အခဲနှင့် အတူ ဒေသအတွင်း ကျန်းမာရေးအတွက်ပါ အခက်အခဲရှိနေကြသည်ဟု ခမောင်းဆိပ်ကျေးရွာသားက ပြောသည်။
“ ကျန်းမာရေးအတွက်က အခက်အခဲရှိပါတယ်။ အခုတောင် ရွာမှာ ကျန်းမာရေး မကောင်းသူတွေရှိတယ်။ ရွာ မှာက ဆေးခန်းလည်းမရှိ။ သွားဖွားဆရာမတစ်ယောက်ရှိတာကလည်း အခု သူခွင့်နဲ့ပြန်သွားတယ်။ တမန်းသားက ဆေးမှူးတွေလည်းမရှိဘူး။ တိုက်ပွဲဖြစ်တော့ ကျန်းမာရေး ဝန်ထမ်းတွေလည်း မလာကြတော့ဘူး။ ဆေးဝါးတွေလည်းရှာမရ။ ကျန်းမာရေးလည်း အဓိကအခက်အခဲဖြစ်လာနေတယ်”ဟု ပြောဆိုသည်။
လက်ရှိအချိန်မှာ ဒေသအတွင်း တည်ငြိမ်နေသည်ဟု ပြောနိုင်သော်လည်း နှစ်ဘက်စစ်ရေးတင်းမာမှုများ ဆက်လက်ရှိနေဆဲဖြစ်ကာ စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့များ ရွာကိုရောက်လာလျှင်လည်း ပြည်သူများအနေဖြင့် ဖမ်းဆီး စစ်ဆေးခံရမည်ကိုစိုးရိမ်နေကြပြီး တချို့ဆိုလျှင်လည်း ကျေးရွာများမှ ရှောင်တိမ်းနေရသဖြင့် အလုပ်ပျက် အကိုင်ပျက် ဖြစ်နေသည်ဟု ပြောဆိုသည်။ (NN-14)
(ဓာတ်ပုံ- မောင်တောမြောက်ပိုင်းတွင် ယခုလ ၁၈ ရက်နေ့က ဖြစ်ပွားခဲ့သောတိုက်ပွဲကြောင့် တိုက်ပွဲအနီးအနားရှိ ဒေသခံများယခုလို ထွက်ပြေးခဲ့ကြရသည်။ မူရင်း ဓာတ်ပုံရိုက်ကူးသူအား Credit ပေးပါသည်။)

ဆက်စပ် သတင်းများ