စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ပလက်ဝမှ ဒဏ်ရာရကျောင်းသူ စစ်တွေဆေးရုံသို့ ပို့ဆောင်ကုသရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 1.1k

နိရဉ္စရာ၊ သြဂုတ် ၈/၂၀၂၂

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် နှမဒါချောင်းတွင် သေနတ်ပစ်ခံရသည့် စက်လှေပေါ်မှ ဒဏ်ရာရသွားခဲ့သူ သုံးဦးအနက်မှ သသံသုံးကပဉ္စမတန်းကျောင်းသူတစ်ဦးဖြစ်သူ မခင်စီ (၁၂) နှစ်အား စစ်တွေဆေးရုံတွင် ပို့ဆောင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂ ရက်နေ့၊ နေ့လည် ၁ နာရီကျော်ခန့်တွင် တုံးမဝကျေးရွာမှ ကျောင်းဆင်း၍ စက်လှေနှင့် ပြန်လာစဉ် နှမဒါကျေးရွာတွင် အနီးတွင် ၎င်းစက်လှေသည် သေနတ်နှင့် ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါပစ်ခတ်မှုအတွင်းတွင် အသက် ၁၂ နှစ်အရွယ် ပဉ္စမတန်းကျောင်းသားနှစ်ဦးဖြစ်သည့်  မောင်နေမင်းထွန်းနှင့် မောင်အောင်သန်းမြတို့မှာ သေဆုံးသွားခဲ့ကာ မခင်စီအပါအဝင် အခြားကျောင်းသားတစ်ဦးနှင့် ကျောင်းအထွေထွေ ဝန်ထမ်း တစ်ဦးတို့မှာလည်း ဒဏ်ရာရရှိခဲ့ကြသည်။

ဒဏ်ရာရရှိခဲ့သည့် သုံးဦးကို ယင်းနေ့ည ၇ နာရီတွင် ပလက်ဝဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ကျောင်းသူ မခင်စီ၏ ဒဏ်ရာမှာ ပြင်းထန်သဖြင့် ပြီးခဲ့သည့် သြဂုတ်လ ၆ ရက်နေ့က စစ်တွေဆေးရုံသို့ ဆေးကုသမှုခံယူရန် ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကျောင်းသူအား ယနေ့နေ့လည်ပိုင်းက ၎င်း၏ဘယ်ဘက်ခြေထောက် ဒူးပိုင်းတွင် စတီးရိုးထည့်ကာ ခွဲစိတ်ကုသမှု ပြုလုပ်ထားရကြောင်း ၎င်းနှင့်နီးစပ်သူတစ်ဦးကပြောသည်။

" တကယ်တော့ ၅ ရက်နေ့ကနေလာရမှာပါ၊ ဒါပေမယ့် ပလက်ဝဘက်မှာက အပစ်အခတ်တွေ အရမ်းများတော့ ၆ ရက်နေ့မှပဲ တပ်မှူးကို ပြောပြပြီး လာခဲ့ရတာပါ။ မနေ့ကတော့ သွေးတွေ အများကြီးလာလှူကြပါတယ်။ လောလောဆယ်တော့ အခက်အခဲတွေမရှိသေးပါဘူး" ဟုပြောသည်။

၎င်းတို့သည် ရဲမဝကျေးရွာမှ တုံးမဝကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲသို့ နေ့စဉ်ပုံမှန်သွားရောက်ကာ ကျောင်းတက်နေကြသော ကျောင်းသား၊ ကျောင်းသူများဖြစ်ကြောင်း သိရသည်။

အဆိုပါကျောင်းသူနှင့်အတူ ဒဏ်ရာရရှိသွားသည့် ကျောင်းသားတစ်ဦးနှင့် ကျောင်းအထွေထွေ ဝန်ထမ်းတို့သည် ပလက်ဝဆေးရုံတွင် ဆေးကုသမှုခံယူရန်ကျန်ခဲ့ကြောင်း သိရသည်။

၎င်းပစ်ခတ်မှုဖြစ်ပွားခဲ့သည့်နေ့ သြဂုတ်လ ၂ ရက်နေ့ နံနက်ပိုင်းမှစ၍ ပလက်ဝမြို့နယ်၊ နှမဒါချောင်းအနီးတွင် အေအေနှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ကာ ပလက်ဝအခြေစိုက် ၂၈၉ တပ်ရင်းဘက်မှလည်း လက်နက်ကြီးများဖြင့် ယင်းအနီးအနားရှိ ကျေးရွာများသို့ ပစ်ခတ်မှုများရှိခဲ့ကြောင်း ဒေသခံများကပြောသည်။

၂၀၂၂ ခုနှစ်၊ သြဂုတ်လ၂ ရက်၊ နေ့လယ်က စစ်ကောင်စီမှ ကျောင်းကြိုပို့ လုပ်သည့် စက်လှေအား မြန်မာစစ်တပ်က စက်သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းသည်  တမင်တကာရည်ရွယ်ချက်ရှိရှိ ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ရက္ခိုင့်တပ်တော်(AA)က သြဂုတ်လ ၃ ရက်နေ့ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

၎င်းပြင် ကာယကံရှင် ကျေးရွာသားများကလည်း နှမဒါကျေးရွာတွင် တပ်စွဲထားသည့် စစ်တပ်က ပစ်ခတ်သည်ဟု ပြောဆိုထားသည်။သို့ရာတွင် အဆိုပါ ပစ်ခတ်မှုကို  PDF အဖွဲ့က ပြုလုပ်သလိုမျိုး သြဂုတ်လ ၄ ရက်ထုတ် စစ်ကောင်စီပိုင်သတင်းစာများတွင်  ရေးသား ဖော်ပြခဲ့သည်။

ဆက်စပ် သတင်းများ