ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ငြိမ်းချမ်းရေးအတွက် AA အနေဖြင့် အပေါင်းလက္ခဏာနှင့် အပြုသဘောဆောင်ရန်လိုအပ်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ သြဂုတ် ၂၀၂၀
  • | ကြည့်ရှုသူ: 8.5k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ သြဂုတ် ၁၈/၂ဝ၂ဝ

AA လက်နက်ကိုင်အဖွဲ့အစည်းအနေဖြင့် ငြိမ်းချမ်းရေးနှင့် တွေ့ဆုံဆွေးနွေးရေးကို အမှန်တကယ် လိုလားပါကအပေါင်းလက္ခဏာနှင့် အပြုသဘောဆောင်ရန်လိုအပ်သည်ဟု အစိုးရ ပြောခွင့်ရသူ ဦးဇော်ဌေးက ပြောသည်။

နေပြည်တော်ရှိ MICC-1 ၌ သြဂုတ် ၁၇ ရက်နေ့က ပြုလုပ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုကော်မတီ ( UPDJC) အစည်းအဝေးအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထိုကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ AA လက်နက်ကိုင်အဖွဲ့အစည်းကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားပေမယ့် ငြိမ်းချမ်းရေး မဆွေးနွေးဘူးလို့ ဆိုလိုတာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ အခု NCA ထိုးပြီးသွားတဲ့ RCSS တို့၊ ABSDF တို့လည်း အရင်တုန်းက မတရားအသင်းလည်း ဖြစ်ခဲ့တယ်။ အကြမ်းဖက်အဖွဲ့အစည်းလည်း ဖြစ်ခဲ့တယ်။ NCA မထိုးခင် အချိန်မှာမှ အဲဒီအဖွဲ့အစည်းတွေကို ပယ်ဖျက်ပေးလိုက်တာ။ အဲဒီတော့ အကြမ်းဖက်ကြေညာခဲ့တဲ့ အဖွဲ့တွေအနေနဲ့လည်း ငြိမ်းချမ်းရေး ဆွေးနွေးညှိနိုင်းမှုတွေ လုပ်ခဲ့တာပဲ။ အဲဒီတော့ ငြိမ်းချမ်းရေး တံခါးကတော့ မပိတ်ဘူး။ သို့သော်လည်း သူတို့ရဲ့ လက်တွေ့ ဆောင်ရွက်ချက်တွေကလည်း အပေါင်းလက္ခဏာပြဖို့လိုတယ်။ အပြုသဘော ဆောင်ဖို့လိုတယ်” ဟု ၎င်းက ပြောသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆောင်ရွက်နေသရွေ့ တွေ့ဆုံဆွေးနွေးရေးလုပ်ငန်းများကို ဆောင်ရွက်နေရမည်ဖြစ်ပြီး AA လက်နက်ကိုင်အဖွဲ့အစည်းအနေဖြင့် ငြိမ်းချမ်းရေးနှင့် တွေ့ဆုံဆွေးနွေးရေးကို အမှန်တကယ်လိုလားပါက လုပ်ဆောင်ချက်များနှင့် သက်သေပြရန် လိုအပ်ကြောင်း ဦးဇော်ဌေးက ပြောဆိုသည်။

ထိိုသို့ ဦးဇော်ဌေးက အပေါင်းလက္ခဏာပြရန်၊ အပြုသဘောဆောင်ရန်နှင့် လုပ်ဆောင်ချက်များနှင့် သက်သေပြရန် လိုအပ်သည်ဟု ပြောဆိုချက်နှင့် ပတ်သက်ပြီး ရခိုင်နိုင်ငံရေးသမား တစ်ဦးဖြစ်သူ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကို နိရဥ္စရာသတင်းဌာနမှ ဆက်သွယ်မေးမြန်းရာ သူက ယခုလို သုံးသပ်ပြောဆိုသည်။

“ ဒါက AA အနေနဲ့ အပြုသဘောဆောင်တဲ့ လုပ်ဆောင်ချက် ချက်တွေကို ပြသဖို့လိုတယ်ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်က ဘယ်လို လုပ်ဆောင်ချက်တွေကို ပြသပေးရမယ်ဆိုတာကို တိတိကျကျ ပြောရင် ပိုကောင်းမယ်ထင်ပါတယ်။ ဥပမာဆိုပါတော့.. တိုက်ပွဲတွေကို ရပ်စဲထားဖို့ ပြောတာလား။ ဒါမှမဟုတ်တစ်ခြား အစိုးရနဲ့ ပြောတဲ့အခါမှာ သူတို့အနေနဲ့  ဝါဒဖြန့်စကားတွေကို မပြောဖို့ လိုသလား။ စသဖြင့်ပေါ့။ ဒါက အတိုင်းအတာတစ်ခုထိမှန်ပေမယ့် အဲဒီနေရာမှာ အခက်အခဲရှိတယ်လို့ ကျနော်က မြင်တယ်။ အတိုက်အခိုက်ရပ်စဲမယ်ဆိုရင် သူ့နယ်မြေ ကိုယ့်နယ်မြေ သတ်မှတ်မှု ရှိမှဘဲ ဖြစ်နိုင်မယ်။ ငြိမ်းချမ်းရေးကတော့ ဒီနေ့ နက်ဖြန်ရလေ ကောင်းလေဆိုပေမယ့် ခုနကလို အပြု သဘောဆောင်တဲ့ လုပ်ရပ်တွေကို ပြသဖို့နဲ့ ရေရှည်တည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ရချင်ရင်တော့ နယ်မြေသတ်မှတ်မှုနဲ့ အချိန်အတိုင်းအတာတစ်ခုထိ ယုံကြည်မှု တည်ဆောက်ဖို့တော့  လိုမယ်ထင်ပါတယ်။”

အစိုးရ အနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းဖြစ်ကြေညာခံထားရသည့် AA လက်နက်ကိုင်အဖွဲ့ အပါအဝင် ၎င်း၏ မဟာမိတ် အဖွဲ့များဖြစ်သည့် TNLA/ KIA/MNDAA စသည့် အဖွဲ့ လေးဖွဲ့နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆွေးနွေးနိုင်ရန်အတွက် အဆင့်သုံးဆင့်ဖြင့် ဆောင်ရွက်နေကြောင်း ဦးဇော်ဌေးက ပြောသည်။

အဆိုပါ လုပ်ငန်းစဉ်များကို အစိုးရဘက်မှ စတင်ကမ်းလှမ်းခဲ့သော်လည်း ယခုအခါ AA လက်နက်ကိုင် အဖွဲ့ကို အကြမ်းဖက် အဖွဲ့အဖြစ် ကြေညာထားသည့် အတွက် မည်ကဲ့သို့ ဆောင်ရွက်ရမည်ကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့အကြား ပြန်လည် သုံးသပ်မည်ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံကို သြဂုတ် ၁၉ ရက်နေ့တွင် စတင်ကျင်းပမည် ဖြစ်သော်လည်း AA ကို မဖိတ်ကြားသဖြင့် ကချင်၊ ဝ၊ ကိုးကန့်၊ တအာင်း အဖွဲ့တို့ပါဝင်သည့် FPNCC အဖွဲ့ဝင် (၆) ဖွဲ့လည်း မတက်ရောက်ကြောင်း သိရှိရသည်။

(Source: Myanmar times)

ဆက်စပ် သတင်းများ