စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

အမြောက်လက်နက်များ လေ့ကျင့်ပစ်ခတ်မည့်တားမြစ်ချက်ကြောင့် ငါးဖမ်းစက်လှေအများအပြားငါးဖမ်းမထွက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ ဖေဖော်ဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 2.5k

အိမ်စိုးဖြူ

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၉/ ၂ဝ၂၁


ရခိုင်ပြည်နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ကျွန်းပေါ်ရှိ တပ်စခန်း ၄ ခုမှ အမြောက်လက်နက်များ လေ့ကျင့် ပစ်ခတ်မည်ဖြစ်၍ တားမြစ်ထားသဖြင့် ရခိုင်ငါးဖမ်း စက်လှေအများအပြား ယနေ့တွင် ငါးဖမ်းမထွက်ကြဟု သိရှိရသည်။

 

ကျွန်းအနီးတဝိုက် ငါးဖမ်းနေကြသည့် ငါးဖမ်းလှေများ ပြန်ဝင်လာသလို ယနေ့ငါးဖမ်းထွက်မည့် စက်လှေများလည်း ငါးဖမ်းမထွက်ကြဟု ဒေသအတွင်းက ရေလုပ်ငန်း လုပ်ကိုင်နေသူများက ပြောကြားသည်။

 

ဂွမြို့နယ် နံ့သာကျွန်းအနီး ငါးဖမ်းထွက်သည့် ဂွမြို့နယ်မှ ငါးဖမ်းစက်လှေမောင်းသူ ဦးဖြိုးဇော်သက်က ကျွန်တော်တို့ ငါးဖမ်းစက်လှေသမားတွေ အချင်းချင်းသတိပေးတာကြောင့် ပြန်ဝင်လာကြတာပါ။ သက်ဆိုင်ရာက အသိလာပေးတာမျိုးမဟုတ်ပါဘူး။ ဒါပေမယ့် မနေ့က ကြေညာချက်ထုတ်တယ်လို့ သိရတယ်။ ဒီ ၅ ရက်မှာ စားရေးသောက်ရေးအဆင်မပြေတော့ ဖြစ်တော့မှာပေါ့။ ဒါပေမယ့် ဘာတတ်နိုင်မလဲ။ အမြောက်ပစ်မှာစိုးရိမ်လို့ ပြန်ဝင်ရမှာပေါ့။ တစ်ခြားစက်လှေတွေအကုန်လုံးလည်း ပြန်ဝင်လာကြပြီ ဟုပြောသည်။

 

အမြောက်လက်နက်များ လေ့ကျင့် ပစ်ခတ်မည့် တပ်စခန်းများမေယုကျွန်းတပ်စခန်း၊ ကျွန်းသာယာ တပ်စခန်း၊ မာန်အောင်ကျွန်းတပ်စခန်းနှင့် နံ့သာကျွန်း တပ်စခန်းတို့ဖြစ်ကြောင်း အစိုးရ အာဏာပိုင်များက အသိပေးထုတ်ပြန်ထားသည်။

 

မာန်အောင်မြို့နယ် သစ်ပုံကျေးရွာမှ ငါးဖမ်းစက်လှေပိုင်ရှင် ဦးသန်းဝင်းမြိုင်ကလည်း ၄င်းတို့ ရွာအုပ်ချုပ်ရေးမှူးမှ ယမန်နေ့ ညက ငါးဖမ်းစက်လှေများ မထွက်ကြဖို့  သတိပေးခဲ့ကြောင်း ပြောသည်။

 

ကျွန်တော်တို့ စက်လှေကတော့ ပျက်လို့ မထွက်ဖြစ်ဘူး။ ဒါပေမယ့် မနေ့က အုပ်ချုပ်ရေးမှူး အသိပေးတာရှိခဲ့တယ်။  မသိခဲ့ဘဲ ပင်လယ်ပြင်ကို ငါးဖမ်းထွက်တဲ့ စက်လှေတွေကတော့ ပြန်မရောက်ကြသေးဘူး။ အမြောက်ပစ်မှာကို သိတဲ့စက်လှေတွေက ကမ်းကပ်လာကြပြီလို့သိရတယ်ဟုပြောသည်။

 

၄င်းအပြင် စစ်တွေမြို့ရှိ အောင်တိုင်၊ သဲချောင်း၊ ဒါးပိုင်စသည့် ကျေးရွာများမှ ငါးဖမ်း စက်လှေများ ကိုလည်း  ယနေ့ နံနက်မှစ၍ ဖေဖော်ဝါရီ ၂၃ ရက်နေ့ ည အထိ ငါးဖမ်းစက်လှေများမထွက်ကြရန် သတိပေးတားမြစ်ထားကြောင်း သိရသည်။

 

အောင်တိုင်ကျေးရွာမှ ရွာလူကြီးတစ်ဦးဖြစ်သူ ဦးနေမျိုးက အခု ငါးဖမ်းသမားတွေက  အမြောက် လေ့ကျင့် ပစ်ခတ်မယ်ဆိုတာ သိထားကြပါပြီ။ ၅ ရက်တောင် မထွက်ရဘူးလို့ ပြောတယ်။  ဒါကြောင့် ဒီနေ့ကစပြီး ငါးဖမ်းမထွက်ကြတော့ဘူးဟု ပြောကြားသည်။

 

ရခိုင်ပြည်နယ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ မာန်အောင်ကျွန်း၊ ကျွန်းသာယာ၊ နံ့သာကျွန်းနှင့် မေယုကျွန်းတို့တွင် တိုက်ပွဲဝင်အသင့်ရှိစေရေးတို့ အတွက် အမြောက်လက်နက်များ လေ့ကျင့်ပစ်ခတ်ခြင်းကို ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် ပြုလုပ်သွားမည်ဟု သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများမှတဆင့် ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ အသိပေး အကြောင်းကြားထားကြောင်း သတင်းရရှိသည်။

ဆက်စပ် သတင်းများ