ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

မြောက်ဦးမြို့နယ်တွင် အမျိုးသားနှစ်ဦးကို လက်နက်ကိုင်လူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွား၍ မိသားစုများစိုးရိမ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇူလိုင် ၂၀၂၁
  • | ကြည့်ရှုသူ: 741


ချစ်အိလှိုင်
နိရဉ္စရာ၊ ဇွန် ၂၉/ ၂ဝ၂၁
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ကန့်သရီအုပ်စု၊ သရက်တောကျေးရွာ မှ အမျိုးသားနှစ်ဦးကို ဇွန်လ ၁၉ ရက်နေ့ ညအချိန်တွင် လက်နက်ကိုင် လူတစ်စုက ဖမ်းဆီးသွားပြီးနောက် အဆက်အသွယ် မရဖြစ်နေသဖြင့် အထူး စိုးရိမ်နေကြရသည်ဟု မိသားစုဝင်များက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။
ဖမ်းဆီးခံရသူနှစ်ဦးမှာ ဦးမောင်လှသာ(၆၃) နှစ်နှင့် အောင်ရွှေနု (၅၃)နှစ်တို့ ဖြစ်ကြပြီး လယ်ယာ လုပ်ကိုင်သူများဖြစ်ကြောင်း ဦးမောင်လှသာ၏ ဇနီးဖြစ်သူ ဒေါ်မြကြည်က ပြောသည်။
“ကျွန်တို့အမျိုးသားတွေကို ဖမ်းသွားပါတယ်။ ဘာတစ်ခုမှ ပြစ်မှားဆိုမှားလည်း မရှိပါဘူး။ ရွာမှာလည်း ဆဲခြင်း၊ ဆိုခြင်းလည်းမရှိပါဘူး။ အဲဒီနေ့က အိမ်မှာထိုင်လို့စကားပြောနေတဲ့အချိန်မှာပါ။ အောင်ရွှေနုလည်း ပါပါတယ်။ အဲဒီအချိန်မှာ လူတစ်ဆယ့်လေးယောက်ငါးယောက်လောက်က အိမ်ကို ဝိုင်းပြီးတော့ သေနတ်အတို နှစ်လက်၊ လေးဂွတွေ၊ဓားတွေနဲ့ မောင်လှသာ၊ အောင်ရွှေနု ဆင်းဆိုပြီး ကြိုးနဲ့ချည်ပြီး ခေါ်သွားတယ် ” ဟုပြောသည်။
မိသားစုအနေဖြင့် ကြောက်လန့်ပြီး မပြောဝံ့သဖြင့် ၁၀ ရက်ကြာပြီး ယနေ့မှ ဖွင့်ပြောရခြင်း ဖြစ်ကြောင်း၊ သူတို့အတွက် များစွာ စိုးရိမ်မိသဖြင့် ဖွင့်ပြောရခြင်းဖြစ်ကြောင်း၊ အဆက်အသွယ် မရသဖြင့် စိတ်မကောင်း ဖြစ်နေရ၍ ဖမ်းဆီးခေါ်ဆောင်သွားသူများကို အမြန်ဆုံး ပြန်လွှတ် ပေးစေလိုကြောင်း သူမက ဆက်ပြောသည်။
“ ကျွန်မတို့လည်း ခံစားရပါတယ်။ ဆင်းရဲထမင်း၊ ဆင်းရဲဟင်း ကိုစားပြီး နေကြရတာပါ။ ငိုနေရပါတယ်။ ကြိုးစားပေးစေချင်ပါတယ်။ လွှတ်ပေးစေချင်တယ်။ အဆက်အသွယ်လည်းမရတော့ စိုးရိမ်နေပါတယ်” ဟု သူမက ပြောသည်။
၄င်းရွာသားနှစ်ဦးဖမ်းဆီးခံရသည်ကို ကြားသိရကြောင်း ၊ သို့ရာတွင် မည်သည့် အဖွဲ့အစည်းက ဖမ်းဆီးသွားသည်ကို မသိရှိကြောင်း မြောက်ဦးမြို့နယ် ရခိုင်အမျိုးသားပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးမြသာအောင်ကလည်း အတည်ပြုပြောဆိုသည်။
ကန့်သရီအုပ်စု သရက်တောကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှမောင်သန်းအား ၄င်းကိစ္စနှင့် ပတ်သက်၍ မေးမြန်းစုံစမ်းရန် ဆက်သွယ်ရာ ဆက်သွယ်မှု မရရှိသေးပါ။

ဆက်စပ် သတင်းများ