စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ပင်လယ်ပြင်တွင်ရေတပ်ကလက်နက်ကြီးစမ်းသပ်ပစ်ခတ်မည်ဖြစ်ကြောင်း မြို့နယ်၄ခုကိုသတိပေးမှုထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ သြဂုတ် ၂၀၂၁
  • | ကြည့်ရှုသူ: 5.5k

ချစ်အိလှိုင်

နိရဥ္စရာ၊ သြဂုတ် ၂၂ / ၂ဝ၂၁

ရေတပ် စစ်ရေယာဉ်က စစ်တွေခရိုင်က မြို့နယ် ၄ ခုနှင့် ထိစပ်နေသည့် ပင်လယ်ပြင်အတွင်း လက်နက်ကြီး စမ်းသပ်ပစ်ခတ်မည် ဖြစ်သဖြင့် သြဂုတ်လ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့တွင်း အသွားအလာများ မပြုလုပ်ရန် သတိပေးမှု ထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။

ရသေ့တောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းထက်က ခရိုင်ကတော့ ကျွန်တော်တို့ မြို့နယ်အားလုံးကိုအကြောင်းကြားတာပါ။ ကျွန်တော်တို့ကိုတော့ မြေပုံနှစ်ပုံပေးတာပေါ့နော်။ ကျွန်တော်တို့မြို့နယ်နဲ့ဆိုင်တဲ့မြေပုံပေါ့။ ကျွန်တော်တို့ မေယုမြစ်နဲ့ ရေချမ်းပြင်ဆုံတဲ့နေရာ အဲဒီနေရာတွေပါပါတယ်ဗျ။ လက်နက်အမျိုးအစားတော့မပါဘူး။ကျွန်တော်တို့ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေကို အကြောင်းကြားထားပါတယ်ဟု နိရဉ္စရာသတင်းဌာနကို ပြောသည်။

မြို့နယ် ၄ ခုမှာ  စစ်တွေ၊ ပေါက်တော၊ ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့နယ်တို့ ဖြစ်ပြီး ဓညဝတီ ရေတပ်စခန်းလက်အောက်တွင်ရှိသည့် အမှတ်(၃) စစ်ရေယာဉ်ကနေ ပင်လယ်ပြင် လေ့ကျင့် ပစ်ခတ်မှုပြုလုပ်မည်ဖြစ်ကြောင်း သိရသည်

စစ်တွေခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးအောင်တင်စောက လက်နက်စမ်းသပ်ပစ်ခတ်မည်ကို ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ အကြောင်းကြားလာသဖြင့် သက်ဆိုင်ရာမြို့နယ် ၄ ခုမှ ရေလုပ်သားများကို  ပင်လယ်ပြင်သို့ မထွက်ခွာရန် သတိပေးထားကြောင်း ပြောသည်။

ကျွန်တော်တို့သတင်းကြားကြားချင်း ရေလုပ်သားတွေကို သတိပေးထားပါတယ်။ ကျွန်တော်တို့က ဒီနေ့ သြဂုတ်လ ၂၂ ရက်နေ့မှ သိရတယ်။ ပေါက်တောဖက်တွေမှာလည်းသတိပေးထားပြီလို့သိရတယ်ဟုပြောသည်။

 အငူမော်ကျေးရွာ ရပ်မိရပ်ဖတစ်ဦးဖြစ်သူက ၄င်းတို့ရသေ့တောင်မြို့နယ်အတွင်း ပင်လယ်ပြင်တွင် ပစ်ခတ်မှုပြုလုပ်မည်ကို ကြားသိရသဖြင့် ဒေသခံများအနေဖြင့် စိုးရိမ်နေကြကြောင်းပြောသည်။

ကျွန်တော်တို့အငူမော်အနီးတဝိုက်ရွာတွေမှာ သတိပေးစာရောက်တယ်လို့သိရတယ်။ ပင်လယ်ပြင်ကို မထွက်ကြဖို့ပေါ့။ မြစ်အတွင်း စက်လှေတွေကတော့ သွားလာနေပါတယ်။ ဘာမှတော့ မကြားရသေးဘူး။ ပင်လယ်ပြင်မှပစ်ခတ်မှာဆိုပေမယ့် စိုးရိမ်နေကြတယ်ဟုပြောသည်။

ဝံလက်ဖောင်ဒေးရှင်းအမှုဆောင်ဒါရိုက်တာ ဦးခိုင်ကောင်းစံက အဝေးတွေမှာပစ်မလား။ လက်နက်ကြီး ပစ်မှာလား။ လက်နက်ငယ်ပစ်မှာလား။ ကြိုတင်ပြီးတော့ အကြောင်းကြားထားရမယ်။ ရေထဲကိုပဲ စမ်းမယ်ထင်ပါတယ်။  လူတွေကတော့ စိုးရိမ်တာပေါ့။သူတို့တွေက လက်နက်တွေ လာစမ်းတော့ ပြည်သူတွေက တိုက်ပွဲတွေများပြန်ဖြစ်မလားဆိုပြီး စိုးရမ်တာပေါ့ဟု ပြောဆိုသည်။

 အဆိုပါကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရအား အဆိုပါလက်နက်မှာ မည်သည့် လက်နက်အမျိုးအစားများ စမ်းသပ် ပစ်ခတ်မည်ကို မေးမြန်းရန် ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်သော်လည်း ဆက်သွယ်မှုမရရှိခဲ့ပါ။

ဆက်စပ် သတင်းများ