စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ဘူးသီးတောင်တွင် တပ်ကြပ်တစ်ဦးအသတ်ခံရပြီးနောက် ဖမ်းဆီး စစ်ဆေးခံရသည့် ရွာသား၁၀ဦးအထဲမှ ၈ဦးကိုပြန်လွှတ်ပေးကာ၂ ဦးကိုဆက်လက်ထိန်းသိမ်းထားဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ သြဂုတ် ၂၀၂၁
  • | ကြည့်ရှုသူ: 2k

သျှင်မင်းဇံ
နိရဉ်စရာ၊ သြဂုတ် ၂၈/၂၀၂၁
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ၊ သရကင်းမနူ (မူဆလင်) ကျေးရွာတွင် ကင်းလှည့် တာဝန် ထမ်းဆောင်နေသည့် ခမရ (၅၅၂)တပ်ရင်းမှ တပ်ကြပ် တစ်ဦး ပြီးခဲ့သည့် သြဂုတ်လ ၂၁ ရက်နေ့က အသတ်ခံရပြီးနောက် အဆိုပါ မူဆလင်ကျေးရွာမှ ရွာသား ၁၀ ဦးကို ဖမ်းဆီးစစ်ဆေးခဲ့ပြီး ထိုအထဲက ၈ ဦးကို ပြန်လွှတ်ပေးကာ ၂ ဦးကို ဆက်လက်ဖမ်းဆီးထားပြီး စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု သတင်းရရှိသည်။
လုံခြုံရေးအရ အမည်မဖော်လိုသူ (မူဆလင်) တစ်ဦးက “ စကခ (၁၅) ဌာနချုပ်ကို စစ်ဆေးဖို့ ဖမ်းဆီး ခေါ်ဆောင်သွားတဲ့ရွာသား ၁၀ ဦးအထဲက သြဂုတ်လ ၂၆ ရက်နေ့မှာ ၈ ဦး ပြန်လွတ်လာခဲ့ပြီး နှစ်ဦးကို ဆက်လက် ဖမ်းဆီးထားပါတယ်” ဟု ပြောသည်။
ဆက်လက် ဖမ်းဆီး စစ်ဆေးခံနေရသူ နှစ်ဦးမှာ ဆွေယော့ဒူလ္လာ (၂၀)နှစ်နှင့် မာမတ်ကာဆိမ်း (၂၅) နှစ်တို့ ဖြစ်သည်ဟု ၎င်းကပြောသည်။
ဘူးသီးတောင်မြို့နယ် ၊ သရကင်းမနူ (မူဆလင်) ကျေးရွာတွင် ကင်းလှည့် တာဝန်ထမ်းဆောင်နေသည့် ခမရ (၅၅၂)တပ်ရင်းမှ တပ်ကြပ် ဖြူသီးသည် ယခုလ ၂၁ ရက်နေ့က အသတ်ခံရပြီး ကိုင်ဆောင် ထားသည့် လက်နက်မှာလည်း ယခုအချိန်အထိ ပျောက်ဆုံးနေကြောင်းသိရသည်။
သရကင်းမနူအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းလှအောင်က "အဲဒီရွာမှာတော့ စစ်ဆေးမှုတွေ ရှိပါတယ်။ သေနတ်ကလည်း ရှာမရသေးဆိုတော့။ အဲရွာက နှစ်ယောက်ကို ဖမ်းထားသေးလို့ ပြောပါတယ်" ဟု နိရဉ္စရာသတင်းဌာသို့ ပြောသည်။
လက်ရှိတွင် သရကင်းမနူ (မူဆလင်) ကျေးရွာအတွင်း ခမရ (၅၅၂) တပ်ရင်းမှ ကျေးရွာမြောက်ဘက် ဗလီ၊ စာသင်ကျောင်း၊ တာဝန်ခံ အုပ်ချုပ်ရေးမှူးအိမ်နှင့် ရပ်မိရပ်ဖနှစ်ဦး၏ အိမ်တို့တွင် ဝင်ရောက် တပ်စွဲထားပြီး အင်အား ၁၀၀ ခန့် ရှိကြောင်း သိရသည်။
"ရွာမှာ လုံခြုံရေး (၅) နေရာမှာ ချထားတယ်။ စစ်ဆေးဖို့ စကခ (၁၅) ဌာနချုပ်ကို ခေါ်သွားတာက ၁၀ ယောက်ခေါ်သွားတယ်။ ၂၆ ရက်နေ့က ၈ ယောက်က ပြန်လွတ်လာတယ်။ ကျန်နှစ်ယောက်ကတော့ မနေ့ကအထိ စကခ (၁၅) ရှိတယ်လို့ သိရတယ်။ အခုတော့ ဘယ်မှာရှိလဲ မပြောတတ်ဘူး" ဟု ပြောသည်။
၎င်းသရကင်းမနူ(မူဆလင်) ကျေးရွာက တာဝန်ရှိသူ တစ်ဦးက " စစ်ဆေးမှု တွေလည်း ရှိတယ်။ ခြိမ်းခြောက်မှုတွေလည်း ရှိတယ်။ ကျနော်အိမ်အနားမှ စစ်သားတွေ ရှိလို့ အင်တာဗျူး ဖြေဖို့ အဆင်မပြေဘူး။ ရွာမှာ လုံခြုံရေး ယူထားကြတယ်" ဟု ပြောဆိုသည်။
နောက်ထပ် ဖမ်းဆီးစစ်ဆေးခံခဲ့ရသည် ကျေးရွာသားတစ်ဦးနှင့် အဆက်အသွယ်ရသော်လည်း၎င်းကျေးရွာအတွင်း စစ်သားများ ရှိနေသဖြင့် အင်တာဗျူး ဖြေရန် စိုးရိမ်၍ ငြင်းဆိုခဲ့သည်။
ဘူးသီးတောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျန်အေးကို ဆက်သွယ်ရာ ၎င်းက "ဘယ်လိုမျိုး စစ်ဆေးမှုတွေ ရှိနေလည်းဆိုတာကို တပ်ဘက်ကို မေးကြည့်လိုက်ပါ" ဟု ပြောသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး တပ်ဘက်က သဘောထားကို သိရှိလို၍ ရခိုင်ပြည်နယ်လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရအား ဖုန်းဖြင့် အကြိမ်ကြိမ်ကြိုးစား ဆက်သွယ်ခဲ့သော်လည်း မရရှိခဲ့သဖြင့် တင်ပြနိုင်ခြင်း မရှိသေးပါ။

ဆက်စပ် သတင်းများ