သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

မင်းပြားမြို့နယ် ရန်ကုန်-စစ်တွေကားလမ်းအနီးရှိတောင်တန်းတစ်ခုတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ သြဂုတ် ၂၀၂၁
  • | ကြည့်ရှုသူ: 7.9k

ချစ်အိလှိုင်
နိရဥ္စရာ၊ သြဂုတ် ၂၈/ ၂ဝ၂၁
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်၊ ရန်ကုန်-စစ်တွေကားလမ်းမကြီးအနီးရှိ တောင်တန်းတစ်ခုတွင် ယနေ့ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
မင်းပြားမြို့နယ်၊ အဝကျေးရွာအုပ်စု၊ မင်းရွာအရှေ့ဖက် ရန်ကုန်-စစ်တွေကားလမ်းမကြီးနှင့် ၃ မိုင်ခန့်အကွာရှိ ရေစွမ်းတောင်စောင်းတွင် ယနေ့ သြဂုတ်လ ၂၈ ရက် နံနက် ၇ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးခိုု်းငွေ့များထွက်လာသည်ကို မြင်တွေ့ခဲ့ရသည်ဟု အဝကျေးရွာအုပ်စု၊ ငါးဇင်ရိုင်းချောင်းကျေးရွာမှ ရွာသားတစ်ဦးက နိရဥ္စရာအားပြောသည်။
“ရွာနဲ့တစ်မိုင်လောက်တောင်မဝေးလို့ မီးခိုးတွေမြင်ရတယ်။ တိရစ္ဆာန်တစ်ကောင်ကောင် နင်းမိတာလား၊ လူနင်းမိတာလားမသိဘူး။ အလိုလိုတော့ ပေါက်မှာမဟုတ်ဘူး။ အသံကတော့ ကျယ်တယ်။ တစ်ချက်ကြားတာပါ။ အဲဒီတောင်တန်းတစ်လျှောက်လုံး စစ်တပ်ကနေရာယူထားတာရှိတယ်။ တပ်နာမည်တော့ မသိဘူး။ ရွာသားတွေကတော့ အသံကြားရင်တော့ ကြောင့်ကြစိုးရိမ်နေကြတာပေါ့” ဟုပြောသည်။
မင်းပြားမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှသိန်းအောင်ကလည်း ပေါက်ကွဲမှုဖြစ်သည်ကိုသတင်းကြားရပြီး လူအထိအခိုက်ရှိမရှိ မသိရသေးကြောင်း ပြောသည်။
အဝကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးလှထွန်းက “မိုင်းလို့ယူဆရတဲ့ ပေါက်ကွဲသံထွက်ပေါ်ပြီးတော့ အဲဒီနားက ရွာသားတွေက တောင်စောင်းမှာ မီးခိုးတွေထွက်နေတယ်လို့ သတင်းပို့ပါတယ်။ တပ်က နေရာယူထားတဲ့ ရေစွမ်းတောင်ပေါ်တောင်စောင်းလေးမှာ ပေါက်တာပါ။ ဒေသခံတွေကတော့ ပေါက်ကွဲသံတွေကြားရင် စိုးရိ်မ်ထိတ်လန့်တာတွေရှိတာပေါ့ဗျာ”ဟု ပြောသည်။
ယခုပေါက်ကွဲမှုမှာ မိုင်းပေါက်ကွဲမှု ဟုတ်/မဟုတ်နှင့် လူထိခိုက်ဒဏ်ရာရရှိသူ ရှိ၊မရှိကို မေးမြန်းရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရအား နိရဥ္စရာသတင်းဌာနက ဆက်သွယ်ရာ ဖုန်းမကိုင်ခဲ့ပါ။
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ၂ဝ၂၁ ခုနှစ် ဇွန်လအထိ မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်းများပေါက်ကွဲမှုကြောင့် သေဆုံးသူ ၄၉ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၇၉ ဦးအထိရှိခဲ့ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC) ၏ စာရင်းအရ သိရသည်။
ဓာတ်ပုံ - မင်းပြားမြို့နယ် မြေပုံ-ပေါက်တော ကားလမ်းအနီးရှိတောင်တန်းတစ်ခုအား တွေ့ရစဉ်။

ဆက်စပ် သတင်းများ