ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

တောင်ကုတ်မြို့နယ် တရဂူကျေးရွာအနီး စစ်လက်နက်ပစ္စည်းအဟောင်းများ မနက်ဖြန် ဖျက်ဆီးဖောက်ခွဲမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ သြဂုတ် ၂၀၂၁
  • | ကြည့်ရှုသူ: 4.1k

အေးမြတ်ခိုင်
နိရဥ္စရာ၊ သြဂုတ် ၂၈/၂၁
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ တရဂူကျေးရွာအနီးရှိ စက်ပစ်ကွင်းတွင် စစ်လက်နက်ပစ္စည်းအဟောင်းများကို မနက်ဖြန် ဖျက်ဆီးဖောက်ခွဲသွားမည်ဟု သိရသည်။
ယခုကဲ့သို့ စစ်လက်နက်ပစ္စည်းဟောင်းများကို မနက်ဖြန် သြဂုတ်လ ၂၉ ရက် နံနက်ပိုင်းတွင် ဖျက်ဆီးဖောက်ခွဲမည်ဖြစ်၍ စက်ပစ်ကွင်းဘက်သို့ အသွားအလာမပြုကြရန် သြဂုတ်လ ၂၆ ရက်တွင် သက်ဆိုင်ရာက သတိပေးစာထုတ်ပြန်ထားကြောင်း တရဂူကျေးရွာအုပ်ချုပ်ရေးမှူးက အတည်ပြုပြောသည်။
“စစ်လက်နက်ပစ္စည်းအဟောင်းတွေကို ခွဲဖို့ဆိုပြီးရေးထားတယ်။ ရွာထဲကလူတွေ အဲဒီဘက်သွားမှာစိုးလို့ တားမြစ်ထားတဲ့စာပေါ့။ မနက်ဖြန် ၂၉ ရက်နေ့လုပ်မှာ။ စစ်ပစ်ကွင်းနဲ့နီးစပ်တဲ့ လယ်သမားတွေကိုတော့ အကုန်သတိပေးပြီးပြီ။”ဟု ပြောသည်။
တောင်ကုတ်ဒေသခံတစ်ဦးကလည်း ယခုလိုကာလမျိုးတွင် လက်နက်ခဲယမ်းများ ဖျက်ဆီးဖောက်ခွဲမှုများပြုလုပ်လျှင် ဒေသခံတို့အတွက် စိုးရိမ်ထိတ်လန့်မှုများရှိနိုင်သည်ဟု ပြောသည်။
“ကျွန်တော်တို့လည်း ကြားတော့ကြားတယ်။ မြို့ပတ်ပတ်လည်မှာလည်း တပ်တွေ ထူးထူးခြားခြားချထားတာတွေ့တယ်။ နောက်ပြီးတော့ တောင်တွေပေါ်မှာ လက်နက်ကြီးတွေဆင်ထားတာတွေ့ရတယ်။ ဒေသခံအနေနဲ့ဆိုရင်တော့ နေစဉ်နဲ့အမျှစိုးရိမ်နေရတာပေါ့။”ဟု ပြောသည်။
စစ်လက်နက်ပစ္စည်းဟောင်းများဖောက်ခွဲမည့်ကိစ္စနှင့်ပတ်သက်ပြီး တောင်ကုတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးအောင်ထွန်းလှကို ဆက်သွယ်မေးမြန်းရာ သူက “ဟုတ်တော့ဟုတ်မယ်ထင်တယ်။ စာကတော့ ကျွန်တော်တို့ဆီက ထုတ်တာမဟုတ်ဘူး။”ဟု ပြောသည်။
တောင်ကုတ်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်ထွီးခိုင်ကလည်း “ ဒါစစ်တပ်ဘက်ကိုမေးရမှာ။ ကျွန်တော်တို့နဲ့မဆိုင်ဘူး။ ဒီကိစ္စတွေကို ကျွန်တော်တို့လည်း မသိဘူး။”ဟု ပြောသည်။
ဆက်လက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရအား ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါ။
ပြီးခဲ့သည့် ဇွန်လ ၁၈ ရက်နှင့် ၁၉ ရက်ကလည်း အမ်းမြို့နယ်၊ အမှတ် (၃၄၅) လက်နက်ခဲယမ်းစုဆောင်းတပ်မှ သက်တမ်းကုန် လက်နက်ခဲယမ်းဟောင်းများအား အမ်းမြို့နယ်အတွင်းရှိ အမ်းမြောက်ကျေးရွာအုပ်စု၊ ရွာသာယာရွာအနီး အမှတ် (၃၇၃) ခြေလျင်တပ်ရင်းမှ ၁ မိုင်ခန့်အကွာတွင် ကျင်းနှစ်ကျင်းတူးကာ ဖောက်ခွဲဖျက်ဆီးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆက်စပ် သတင်းများ